အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင်ရော၊ အဆိုပိုင်းကိုပါ ဝါသနာပါတာလို့ ဆိုပါတယ်။
အကယ်ဒမီသရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးလေး ထင်သစ္စာကတော့ အနုပညာလောကထဲကို ဝင်ရောက်လို့ လာပါပြီ။ သူမကို အစ်ကိုဖြစ်သူ ဘုန်းမင်းနေလနဲ့ အတူ ဖြေဆိုထားတဲ့အင်တာဗျူးတွေ မိခင်နဲ့အတူ ဖြေဆိုထားတဲ့အင်တာဗျူးတွေကစပြီး ပရိသတ်တွေ သိလာကြတာပါ။ အဲဒီနောက် ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်ရသလို ကြော်ငြာတွေ စပြီး ရိုက်ကူးလာရတာကြောင့် ပရိသတ်တွေ ပိုလို့ သိလာကြပါတယ်။မင်းသမီးရဲ့ သမီးဖြစ်တာကြောင့် ငယ်စဉ်ကတည်းက အနုပညာပိုးက ပါလာခဲ့တာလို့ သူမက ပြောပါတယ်။
“အနုပညာဆိုရင် ရုပ်ရှင်ဘက်ကို သိပ်ဝါသနာပါတာမျိုး မဟုတ်ဘဲ ငယ်ငယ်တုန်းက အဆိုတော် လုပ်ရတာ ကရတာကို ပိုဝါသနာပါတယ်။ အခုကျတော့ ပွဲတွေ တက်လာရတယ်ဓာတ်ပုံတွေ ရိုက်လာရတဲ့အခါမှာ ရုပ်ရှင်ဘက်ကို ပိပြီး ဝါသနာပါလာတယ်လို့ ပြောလို့ရမယ်” လို့ သူမက ဆိုပါတယ်။
ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ထင်သစ္စာဟာ သူမရဲ့ အလုပ်ကို အရွယ်နဲ့မမျှအောင် တန်ဖိုးထားတတ်တဲ့ မိန်းကလေးပါ။ ကြော်ငြာရိုက်ကူးရေးတွေ ဖြစ်ဖြစ် အင်တာဗျူးတွေမှာ ဖြစ်ဖြစ် တစ်ဖက်လူအပေါ် ရိုသေလေးစားတတ်သလို သူမလုပ်ရတဲ့ အလုပ် သေးသေးလေးကအစ ဂရုတစိုက်နဲ့ စိတ်ဝင်တစား လုပ်ကိုင်ပေးတတ်တာကို တွေ့ရပါတယ်။
အလုပ်လုပ်ရင် အချိန်တိကျတာကလည်း သူမရဲ့ အားသာချက်တွေထဲက တစ်ချက် ဖြစ်ပါတယ်။
“အမေရောအကိုရောမှာ ရှိတဲ့အားသာချက်ကတော့ အမေကလည်း အရမ်းတော်တယ်။ အစ်ကိုကလည်း သူဟာသူ အရမ်းတော်တယ်ပေ့ါ။ ဒါပေမယ့် သမီးက သူတို့ထက် အချိန်တိကျတာလေးတော့ ရှိတယ်။ အိမ်မှာတော့ သမီးက အချိန်အတိကျဆုံးပေ့ါ” လို့ သူမရဲ့ အားသာချက်လေးကို ပြောပြခဲ့ပါတယ်။
photo : ထင်သစ္စာ
အနုပညာနဲ့ ပတ်သက်လာရင် အဆိုပိုင်းရော၊သရုပ်ဆောင်ပိုင်းပါ ဝါသနာပါတဲ့ သူမဟာ နယ်ပယ် တစ်ခုခုမှာ အောင်မြင်အောင် ကြိုးစားဖို့အတွက် စိတ်ပိုင်းဖြတ်ထားပါတယ်။ အသက်(၁၅)နှစ် အရွယ်သာ ရှိသေးတဲ့ သူမဟာ ပညာရေးအတွက်လည်း ကြိုတင် အစီအစဉ်တွေ ချထားပြီးသားပါ။
“ပညာရေးကတော့ ဆယ်တန်းပေ့ါနော်။ နောက်နှစ် ၂၀၂၀ မှာဖြေမှာပေ့ါနော်။ ဖြေပြီးရင် အောင်စာရင်းတွေ ဘာတွေ ထွက်ဖို့ စောင့်ပြီး ရန်ကုန်မှာ တစ်နှစ်လောက်နေပြီးရင် စင်ကာပူမှာ ကျောင်းတက်ဖို့ စီစဉ်ထားပါတယ်။ အခုက ပွဲလေးတွေ ရှိုးပွဲတွေ တက်ရတယ်ဆိုတော့ စာကိုလည်း ညီမျှအောင် ကြိုးစားရတယ်။ နှစ်ခုကို ကဏ္ဍလေးတွေနဲ့ ခွဲပြီး ကြိုးစားနေပါတယ်” ဆိုပြီး အနုပညာနဲ့ ပညာရေးကို Balance ဖြစ်အောင် ကြိုးစားနေပုံ လေးကို ပြောပြထားတာ ဖြစ်ပါတယ်။
photo : ထင်သစ္စာ
ထင်သစ္စာ လေးစားအားကျရသူ
လူတိုင်းလူတိုင်းမှာ ကိုယ်သဘောကျအတုယူရတဲ့ Idol တွေ ကိုယ်စီ ရှိလို့နေသလို သူမအတွက်လ ည်း လေးစားအားကျရတဲ့ Idol ရှိတယ်လို့ဆိုပါတယ်။
“အမေက ညီမအတွက် idol တစ်ယောက်လို့ ပြောရမှာပါ။ အိုက်တင်နဲ့ ပတ်သက်ရင် အမေ့အိုက်တင်တွေ ကြည့်ရတယ်။ တခြား ပါစင်နယ် ကိစ္စတွေဆိုရင်လည်း မေမေ့ကို အမြဲလေးစားရတယ်။ အဲ့ဒါကြောင့် မေမေက သမီးရဲ့ idol တစ်ယောက် ဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။ မိခင်လိုပဲ အနုပညာကထဲမှာသူမလေးစား ရတဲ့ နောက်ထပ် Idol တစ်ယောက် ရှိပါသေးတယ်တဲ့။
" အနုပညာလောကမှာ အရမ်းကြိုက်ရတဲ့ မင်းသားထဲမှာဆိုရင် ဦးနေတိုးပေ့ါ။ အရမ်းကြိုက်တယ်။ မင်းသားဖြစ်တာလည်း အရမ်းကြာပြီးသူနေရာကိုလည်း ထိန်းသိမ်းထားနိုင်တယ်။ တော်ရုံတန်ရုံဆိုရင် ဒီလိုမျိုး ထိန်းသိမ်းနိုင်ဖို့ မလွယ်ဘူးလေ"” လို့ သူမက ဆိုပါတယ်။
ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်လဲ
ငယ်ငယ်လေးနဲ့ အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ သူမအတွက် ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အရမ်းဆိုးရွားလှတဲ့ ဝေဖန်မှုတွေ မဟုတ်ပေမယ့်လည်း တစ်ခါတလေမှာ ဝေဖန်တဲ့ မှတ်ချက်တွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒီလိုအနုပညာအလုပ်ကို စလုပ်ပြီဆိုတဲ့ အတွက်ကြောင့် ဘာပဲ ဖြစ်ဖြစ် တစ်ခါတလေမှာ ကောင်းတာ အပြောခံရ တာမျိုး ရှိသလို ဆိုးတာ အပြောခံရတာမျိုးလည်း ရှိတယ်။ ဒီလိုဖြစ်လာရင်တော့ ဝေဖန်ခံရမှာပဲလေ။ အဲဒီအတွက်ကြောင့် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေပါတယ်။ ညီမက အရမ်းကြီးတော့ အပြောခံဖူးတာမျိုးတော့ မရှိပါဘူး။ တစ်ခါတလေ အပြောခံရရင်တော့ ပြောတဲ့ စာတွေဖတ်ပြီး နည်းနည်းစိတ်မကောင်း ဖြစ်တာေ လးတွေတော့ ရှိတယ်။ ဝမ်းနည်းတာမျိုး ရှိတယ်။ ဒါပေမယ့် အခုကျတော့အဲဒီလို အရာတွေ ရှိလာရင် ကိုယ့်ကိုချစ်လို့ ကိုယ့်ကို ဝေဖန်ပြောပြလာတယ်လို့ပဲ ခံယူထားပါတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။
photo : ထင်သစ္စာ
အသက်အရွယ်နဲ့ မမျှအောင်ကို ရင့်ကျက်ပြီး အနုပညာကို ဝါသနာပါတဲ့ ထင်သစ္စာကတော့ မိခင်ရဲ့ ခြေရာကို နင်းမယ့် သမီးလို့ ပြောရမှာပါ။ သူမရဲ့ မိခင်ကလည်း အနုပညာနဲ့ ပတ်သက်လာရင် အရမ်းကို ရူးသွပ်သူ တစ်ဦး ဖြစ်သလို အခုအချိန်အထိ အကယ်ဒမီသရုပ်ဆောင် ခင်ဇာခြည်ကျော်ဆိုပြီး ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပါတယ်။ ထင်သစ္စာကတော့ အမေ့လိုမျိုး အောင်မြင်ပြီး အဖက်ဖက်မှာ တော်တဲ့ မိန်းမသားမျိုး ဖြစ်အောင် ကြိုးစားနိုင်ဖို့အတွက် ပရိသတ်တွေကလည်း အားပေးပေးကြပါဦးဆိုပြီး တောင်းဆိုခဲ့ပါတယ်။