အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ အစားအစားပွဲတော်ကြီးတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအနက် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
(အသက်ခြောက်နှစ်အရွယ် စတီဖင်ရိုမီယို) (Photo: Romero Family)
ဇူလိုင် ၂၈ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းက ကယ်လီဖိုးနီးယားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Gilroy Garlic Festival အစားအစားပွဲတော်မှာ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးပြီး အခြား ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်သမားအဖြစ် သံသယရှိသူကို အသေပစ်သတ်ခဲ့ပြီး ဒုတိယမြောက် သံသယရှိသူမှာ လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
အစားအစာပွဲတော်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း အသက်ခြောက်နှစ်အရွယ် စတီဖင်ရိုမီယို (Stephen Romero) အမည်ရှိ ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး ၎င်းရဲ့မိခင်နဲ့ အဘွားတို့လည်း ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ နောက်ထပ်တစ်ဦးမှာလည်း အသက် ၁၃ နှစ်အရွယ် မိန်ကလေးတစ်ဦး ဖြစ်တယ်လို့ ထပ်မံ သိရှိရပါတယ်။
(Santino William Legan နှင့် ၎င်းကို ပစ်ခတ်ဖမ်းဆီးခဲ့စဉ် မြင်ကွင်း) (Photo: Litzy Munguai)
ကယ်လီဖိုးနီးယားပြည်နယ် စန်ဂျို့စ်မြို့ အရှေ့တောင်ဘက် မိုင် ၃၀ အကွာ Gilroy မြို့မှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အစားအစာပွဲတော်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က သေနတ်သမားအဖြစ် သံသယရှိသူကို ပစ်ခတ်မှုဖြစ်ပြီး တစ်မိနစ်မပြည့်မီအတွင်း အသေပစ်သတ်ခဲ့ကြောင်း Gilroy ရဲတပ်ဖွဲ့အကြီးအကဲ Scot Smithee က ပြောပါတယ်။ နောက်ဆက်တွဲ သတင်းအချို့ကတော့ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တဲ့ ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Daily Mail/Twitter)
ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့တဲ့ သေနတ်သမားအဖြစ် သံသယရှိသူဟာ အသက် ၁၉ နှစ်အရွယ် Santino William Legan ဖြစ်ကြောင်း CBS News သတင်းက ပြောပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ သေနတ်သမားဟာ စစ်ဘက်ဝတ်စုံဝတ်ဆင်ထားပြီး ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ယခု ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒုတိယမြောက် သံသယရှိသူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြာင်းလည်း ၎င်းက အတည်ပြုခဲ့ပါတယ်။
(Photo: @wavyia/Twitter)
"မျက်မြင်တွေ့ရှိမှုတွေကို အခြေခံပြီးတော့ ကျွန်တော်တို့ ယုံကြည်တာကတော့ ဒီပစ်ခတ်မှုမှာ ဒုတိယမြောက် လူတစ်ဦး ပါဝင်ခဲ့သေးတယ်ဆိုတာပါပဲ၊ ဒုတိယမြောက် သံသယရှိသူက ဒီပစ်ခတ်မှုမှာ တစ်နည်းနည်းနဲ့ ပါဝင်ခဲ့ပါတယ်၊ ဘယ်လိုပုံစံမျိုး ပါဝင်ကျူးလွန်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူ" လို့ ရဲတပ်ဖွဲ့အကြီးအကဲက သတင်းထောက်တွေကိုပြောပါတယ်။
(Photo: AFP/Getty Images)
အမေရိကန်မှာ ကျင်းပပြုလုပ်တဲ့ အကြီးဆုံး အစားအစာပွဲတော်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် ဗီဒီယိုမှတ်တမ်းလည်း ထွက်ပေါ်လာခဲ့ပြီး လူများ ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးနေတာ တွေ့ရပါတယ်။ Gilroy မြို့မှာ ကျင်းပပြုလုပ်တဲ့ အဆိုပါ အစားအစာပွဲတော်ကို နှစ်စဉ် လူဦးရေ ၁၀၀,၀၀၀ လာရောက်လေ့ရှိကြောင်းလည်း သိရပါတယ်။