ဖိအားတွေ ရှိထားပေမယ့် ၂၀၁၉ တတိယသုံးလပတ် ဘဏ္ဍာရေးစစ်တမ်းမှာတော့ Huawei ဟာ အရင်နှစ်ကထက် ဝင်ငွေ ပိုမြင့်တက်လာနေတယ်လို့ဆိုပါတယ်။
ဇူလိုင်ကနေ စက်တင်ဘာ ၃ လပတ် ဘဏ္ဍာရေးရလဒ်မှာ Huawei ဟာ ဖုန်းအလုံးရေ ၆၇ သန်းခန့်ရောင်းချနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ၂၀၁၉ သုံးလပတ်ဘဏ္ဍာရေးကာလ ၃ ခုအတွင်း Huawei ဖုန်းအလုံးပေါင်း ၁၈၅ သန်း အထိ ရောင်းချနိုင်ခဲ့တယ်လို့လည်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Android Central သတင်းမှာ ဖော်ပြထားပါတယ်။
Photo: Tech Crunch
စမတ်ဖုန်းရောင်းအားအရ နှစ်အလိုက် တိုးတက်လာမှုဟာ ၂၆% ကို ရောက်လာခဲ့တာ ဖြစ်ပြီး ဝင်ငွေအရ Q1-Q3 သုံးလပတ်ဘဏ္ဍာရေး ၃ ခုအတွင်း စုစုပေါင်း ယွမ် ၆၁၀.၈ ဘီလျံ ( ဒေါ်လာ ၈၆.၂ ဘီလျံခန့်) ဝင်ခဲ့တယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် ပြီးခဲ့တဲ့နှစ်ကာလတူ ဝင်ငွေထက် ၂၄.၄% မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
ဒီဝင်ငွေဟာ စမတ်ဖုန်းအပြင် ICT ၊ တယ်လီကွန်း Carrier ၊ Cloud ၊ Consumer Business နဲ့တစ်ခြား Enterprise Solution စီးပွားရေးလုပ်ငန်းတွေဆီကနေ ရရှိတာလည်း ပါဝင်ပါတယ်။ တစ်ခြားစီးပွားရေးသစ်တွေ ဖြစ်တဲ့ PC ကွန်ပျူတာများ ၊ တက်ဘလက် ၊ စမတ်လက်ပတ်ထုတ်ကုန်များနဲ့စမတ်အသံပိုင်းဆိုင်ရာ ထုတ်ကုန်များရဲ့ ရောင်းအားမှာလည်း မြန်မြန်ဆန်ဆန် တိုးတက်လာနေတယ်လို့ဆိုပါတယ်။
Photo: theglobeandmail
Huawei ရဲ့၂၀၁၉ တတိယသုံးလပတ် စမတ်ဖုန်းတင်ပို့မှုဟာ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ် စမတ်ဖုန်းရောင်းအားထက် ၁၃.၅% ပိုများခဲ့တာပါ။ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ဆို့ခံစာရင်းဝင် Huawei အတွက် Entity List ထဲ ထည့်ခံရပြီးနောက် ပထမဆုံးအကြိမ် စမတ်ဖုန်းရောင်းအား တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
စမတ်ဖုန်းရောင်းအားအပြင် 5G ကွန်ရက်ဖြန့်ကြက်မှုမှာလည်း Huawei ဟာ အတက်ဘက်မှာ ရှိထားပါတယ်။ Huawei ဟာ ကမ္ဘာတစ်လွှားက carriers များနဲ့လည်း 5G စီးပွားရေးဆိုင်ရာ စာချုပ်ပေါင်း ၆၀ ကျော် ချုပ်ဆိုထားတယ်လို့ဆိုပါတယ်။