အမေရိကန်အစိုးရဌာနများ တစ်စိတ်တစ်ပိုင်း ပိတ်ထားရမှုဟာ သမိုင်းမှတ်တမ်းတစ်လျှောက် စံချိန်တင် အရှည်ကြာဆုံးဖြစ်လာခဲ့ပြီး နိုင်ငံရေး မဆုတ်သာမတိုးသာ အခြေအနေကို အဆုံးသတ်နိုင်မှာ မဟုတ်သေးကြောင်း သိရပါတယ်။
(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Reuters)
အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ပိတ်ပင်ရပ်ဆိုင်းထားရမှုဟာ ယနေ့ (ဇန်နဝါရီ ၁၂ ရက်) မှာ ၂၂ ရက်မြောက် ဖြစ်လာခဲ့ပြီး ၁၉၉၅-၉၆ ကာလအတွင်း သမ္မတဘီလ်ကလင်တန် လက်ထက်က ၂၁ ရက်ကြာ ပိတ်ပင်ခဲ့ရမှုထက် ပိုမိုရက်ရှည်ကြာခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မက္ကစီကိုနယ်စပ်တံတိုင်းအတွက် ဘဏ္ဍာငွေ မပါဝင်ပါက အစိုးရဘတ်ဂျက်ကို လက်ခံရန်ငြင်းဆန်နေကြောင်း သိရပါတယ်။
မက္ကစီကိုနယ်စပ်တံတိုင်းဆောက်လုပ်ရန် သမ္မတထရန့် တောင်းခံခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံကို လွှတ်တော်မှာ ဒီမိုကရက်တစ်တို့က ပယ်ချခဲ့ကြပါတယ်။ ဘတ်ဂျက်ကိစ္စ အဆင်မပြေဖြစ်နေတာကြောင့် ပြည်ထောင်စုအစိုးရယန္တရားရဲ့ လေးပုံတစ်ပုံကို ဘတ်ဂျက်အတည်ပြုနိုင်ချိန်အထိ ရပ်ဆိုင်းထားရပြီး ဝန်ထမ်း ၈၀၀,၀၀၀ ဟာ လုပ်ခလစာ မရရှိကြဘူးလို့ ဆိုပါတယ်။
(အစိုးရယန္တရားရပ်ဆိုင်ထားမှုကို ဆန္ဒပြသူတစ်ဦး) (Photo: Reuters)
အကျဉ်းထောင်အစောင့်များ၊ လေဆိပ်ဝန်ထမ်းများနဲ့ FBI အေးဂျင့်များ အပါအဝင် အဆိုပါ ဝန်ထမ်းတွေဟာ သောကြောနေ့ (ဇန်နဝါရီ ၁၁ ရက်) က ယခုနှစ်အတွက် ပထမဆုံးလစာကို မရခဲ့ကြပါဘူး။ ထိုအတောအတွင်း သမ္မတထရန့်က လွှတ်တော်ကိုကျော်လွန်ပြီး ၎င်းလိုအပ်နေတဲ့ ဘတ်ဂျက်ငွေရရှိနိုင်ရေး နိုင်ငံမှာအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
(အစိုးရယန္တရားရပ်ဆိုင်ထားမှုကြောင့် ပြတိုက်ပိတ်ောကြာင်း ကြေညာထားစဉ်) (Photo: Getty Images)
ထိုခန့်မှန်းချက်တွေအပေါ် သမ္မတထရန့်က အရေးပေါ်အခြေအနေ ကြေညာခြင်းဟာ အလွယ်ဆုံးနည်းလမ်း ဖြစ်ပေမဲ့ အကောင်းဆုံးနည်းလမ်း မဟုတ်ကြောင်းနဲ့ ၎င်းအနေနဲ့ ဘတ်ဂျက်ပြဿနာကို လွှတ်တော်က ဖြေရှင်းရန်လိုလားကြောင်း ပြောခဲ့ပါတယ်။ သို့သော် အကယ်၍ လွှတ်တော်က မဖြေရှင်းနိုင်ပါက အရေးပေါ်အခြေအနေ ကြေညာသွားမှာဖြစ်ပြီး ၎င်းမှာ ထိုသို့လုပ်ပိုင်ခွင့်ရှိကြောင်းလည်း သမ္မတထရန့်က ဖြည့်စွက်ပြောခဲ့တယ်လို့ သိရပါတယ်။
(Twitter မှာ တင်ထားသည့် လစာရှင်းတမ်းတစ်ခု) (Photo: cat heifner/Twitter)
ဒီမိုကရက်တစ်တွေကလည်း ထရန့်က အရေးပေါ်အခြေအနေ ကြေညာပါက ဥပဒေကြောင်းအရ ချက်ချင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အစိုးရယန္တရား ရပ်ဆိုင်းထားခြင်းကြောင့် ယခုနှစ်အတွက် ပထမဆုံး လုုပ်ခလစာ မရရှိခဲ့ကြတဲ့ ဝန်ထမ်းအချို့က ၎င်းတို့ထံ ဘဏ်ကပေးပို့လာတဲ့ လစာရှင်းတမ်းတွေကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ကြတာလည်း တွေ့ရပါတယ်။
အမေရိကန်အစိုးရဌာနများ ပိတ်ပင်ထားရမှုကြောင့် ဝန်ထမ်း ၈၀၀,၀၀၀ ဟာ လုပ်ခလစာ မရရှိကြကြောင်းနဲ့ ၎င်းတို့အနက် ၃၅၀,၀၀၀ ကိုတော့ ခွင့်ပေးထားပြီး ကျန်ရှိတဲ့ ဝန်ထမ်းတွေဟာ အလုပ်ဆက်လုပ်နေရတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။