အမေရိကန်ဗီဇာနဲ့ ပတ်သက်ပြီး ပွဲစားတွေရဲ့ လိမ်လည်မှုခံရပါက အမေရိကန်သံရုံးကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ သံရုံးကနေ မတ်လ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ-အမေရိကန်သံရုံး
ပွဲစားတွေက ငွေကြေးအမြောက်အမြားတောင်းယူပြီး အမေရိကန်ပြည်ထောင်စုကိုရောက်ရင် အလုပ်ရမယ်လို့ ကတိပေးပြောထားပြီး ဗီဇာအငြင်းခံရမှုတွေ ကြုံတွေ့နေရပါက အကူအညီတောင်းဖို့ ထုတ်ပြန်တာပါ။
ဒီလို အလိမ်ခံရမှုတွေ ကြုံနေရတာကို ကာကွယ်ပေးချင်တဲ့အတွက် ကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်နဲ့ အတွေ့အကြုံကို NIVInquiryRangoon@state.gov သို့ အီးမေးလ်ပေးပို့ပြီး လိမ်ညာမှုတွေကို သတင်းပေးလို့ရတယ်လို့ ထုတ်ပြန်ထားတာပါ။
အမေရိကန်ဗီဇာရပြီး အလုပ်လုပ်ကိုင်လို့ရမယ်ပြောပြီး လိမ်ညာမှုတွေက အွန်လိုင်းကနေ(သို့) လူကိုယ်တိုင် လိမ်ညာမှုတွေ ရှိနေခဲ့ပြီးနောက်မှာ သံရုံးအနေနဲ့ အခုလို တရားဝင် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်ပြည်ထောင်စုနေထိုင်ခွင့်ကို Diversity Immigrant Visa Program ဒါမှမဟုတ် Green Card အစီအစဉ်အရ လျှောက်ထားမှုကသာ တရားဝင်ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းကနေ အမေရိကန်ကို လာရောက်အခြေချခွင့်အတွက် နှစ်စဉ်လူဦးရေ ငါးသောင်းအထိ ကံစမ်းမဲစနစ်နဲ့ ခေါ်ယူနေပြီး အစိုးရရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကနေ လျှောက်ထားရမှာ ဖြစ်ပါတယ်။