အမေရိကန်တောင်ပိုင်း ပြည်နယ်တွေမှာ လေဆင်နှာမောင်းများ တိုက်ခတ်ပြီး ရေကြီးမှုတွေကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
(လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့မှု) (Photo: AP)
တက္ကဆက်ပြည်နယ်မှာ မိသားစုတစ်ခု လိုက်ပါလာတဲ့ ကားပေါ်ကို သစ်ပင်လဲပြိုကျမှုကြောင့် အသက် ၈ နှစ်နဲ့ ၃ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။ ကားရှေ့ခန်းမှာ လိုက်ပါလာတဲ့ မိဘတွေကတော့ ဒဏ်ရာပင်မရခဲ့ကြဘူးလို့ ဆိုပါတယ်။
တက္ကဆက်ပြည်နယ် Alto မြို့ငယ်မှာလည်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြား လူဦးရေနှစ်ဒါဇင်ခန့် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေ AP သတင်းဌာနကို ပြောပါတယ်။ တက္ကဆက်ပြည်နယ် ဖရန်ကလင်းမြို့မှာ လေဆင်နှာမောင်းကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ကာ နေအိမ် ၅၅ လုံးနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံအချို့ ပျက်စီးခဲ့ပါတယ်။
(သေဆုံးခဲသည့် ကလေးနှစ်ဦး) (Photo: GoFundMe)
ထို့အတူ မစ္စစ္စပီပြည်နယ် ဟမ်မီလ်တန်ဒေသမှာလည်း မီးသတ်ဌာနနဲ့ ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရပါတယ်။ မစ္စစ္စပီပြည်နယ် မွန်ရိုးကောင်တီမှာ Roy Ratliff အမည်ရှိ အသက် ၉၅ နှစ်အရွယ် အဘိုးအိုဟာ ၎င်းရဲ့ ရွှေ့ပြောင်းနေအိမ်ပေါ်ကို သစ်ပင်လဲပြိုကျမှုကြောင့် သေဆုံးခဲ့ပါတယ်။
လူဝီစီးယားနားပြည်နယ် Bawcomville မှာတော့ ရုတ်တရက် ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။ အလာဘားမားပြည်နယ်မှာလည်း လမ်းမပေါ်မှ သစ်ပင်တွေကို ဖယ်ရှားရှင်းလင်းရန် ကူညီပေးနေသူတစ်ဦး ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
(လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့မှု) (Photo: CBS News)
လေဆင်နှာမောင်းနဲ့ ရေကြီးမှုတွေကြောင့် မစ္စစ္စပီ၊ တက္ကဆက်နဲ့လူဝီစီးယားနား ပြည်နယ်တို့မှာ သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ လမ်းမတွေပေါ်မှာ အပျက်အစီးများဖြင့် ပိတ်ဆို့နေတာကြောင့် ဒဏ်ရာရသူအချို့ကို နာရီနဲ့ချီကြာမြင့်ချိန်အထိ ကယ်တင်နိုင်ခဲ့ခြင်း မရှိဘူးလို့ အမေရိကန် မီဒီယာတွေက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ ပြည်နယ်သုံးခုမှာ လေဆင်နှာမောင်း ၁၁ ခုထက်မနည်း ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် အရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားသွားခဲ့ကြောင်းလည်း သိရပါတယ်။
(လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့မှု) (Photo: BBC)
အိုင်ဟိုင်းယိုး၊ တောင်ကာရိုလိုင်းနားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ တနင်္လာနေ့ (ဧပြီ ၁၅ ရက်) အတွက် လေဆင်နှာမောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ ဧပြီ ၁၅ ရက်မှာ လေဆင်နှာမောင်းတွေက အရှေ့ဘက်ကို ရွေ့လျားသွားပြီး နယူးယော့ခ်၊ နယူးဂျာစီနဲ့ ပင်ဆယ်လ်ဗေးနီးယားတို့မှာ ခရီးသွားလာရေး နှောင့်နှေးမှုတွေ ဖြစ်ခဲ့ကြောင်းသိရပါတယ်။