နာမည်ကြီး ဂျပန်သတင်းစာတစ်စောင်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုအရ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက သမ္မတaဒါ်နယ်ထရန့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင်သွင်း အဆိုပြုခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

(ဂျပန်ဝန်ကြီးချုပ်အဘေးနှင့် အမေရိကန်သမ္မတထရန့်) (Photo: Reuters)

အမေရိကန်ရဲ့ တောင်းဆိုမှုအရ ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ ဝန်ကြီးချုပ်အဘေးက ထရန့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခဲ့တာဖြစ်ကြောင်း Asahi Shimbun သတင်းစာက ဖေဖေါ်ဝါရီ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေလျှော့ချပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဂျပန်ဝန်ကြီးချုပ်အဘေးက ၎င်းကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခဲ့တယ်လို့ သမ္မတထရန့်က သောကြောနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) မှာ ထုတ်ဖော်ပြောခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။



(ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့် စင်ကာပူမှာ တွေ့ဆုံခဲ့ကြစဉ်) (Photo: AFP)

ဂျပန်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုထားတဲ့ စာမျက်နှာငါးမျက်နှာပါ အဆိုပြုလွှာကို မိမိထံသို့ ပေးပို့ခဲ့ကြောင်းလည်း အမေရိကန်သမ္မတထရန့်က အိမ်ဖြူတော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ယမန်နှစ် ဇွန်လအတွင်း စင်ကာပူမှာ သမ္မတထရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန်အစိုးရက ထရန့်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုပေးရန် ဝန်ကြီးချုပ်အဘေးကို တောင်းဆိုခဲ့ပုံရကြောင်း အမည်မဖော်တဲ့ ဂျပန်အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး Asahi Shimbun သတင်းစာက ဖော်ပြခဲ့ပါတယ်။

(နိုဘယ်ဆုတံဆိပ်) (Photo: Adam Baker/Flicker)

ယခုကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ထရန့်ရဲ့ ထုတ်ဖော်ပြောမှုကို သိရှိကြောင်း၊ သို့သော် ခေါင်းဆောင်နှစ်ဦးကြားကိစ္စကို မှတ်ချက်မပေးလိုကြောင်း ပြောခဲ့ပါတယ်။ Reuters သတင်းဌာနက အိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ရာမှာလည်း ယခုကိစ္စအတွက် မှတ်ချက်တစ်စုံတစ်ရာ ချက်ချင်း ပြောကြားခဲ့ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

နိုဘယ်ဖောင်ဒေးရှင်းရဲ့ ဝက်ဘ်ဆိုက်မှာတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် လက်ရှိ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် သတ်မှတ်ချက်နဲ့ကိုက်ညီသူ မည်သူ့ကိုမဆို အမည်တင်သွင်း အဆိုပြုနိုင်ကြောင်း ပြောထားပါတယ်။ နိုဘယ်ဖောင်ဒေးရှင်းရဲ့ စည်မျဉ်းစည်းကမ်းတွေအရ နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်း အဆိုပြုခဲ့ပေမဲ့ ဆုမရရှိခဲ့သူတွေရဲ့ အချက်အလက်တွေကိုလည်း နှစ်ပေါင်း ၅၀ ကြာ ထုတ်ဖော်ခြင်းမပြုနိုင်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က