အမှန်တစ်ကယ်လည်း အသုံးပြုနိုင်တဲ့ ၁၈ ကာရက် ရွှေသားအတိ အိမ်သာခွက်ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ Blenheim နန်းတော်မှာ အနုပညာပြတိုက်ပစ္စည်းအဖြစ် ပြသထားပြီး အမှန်တစ်ကယ်လည်း အသုံးပြုနိုင်တဲ့ ၁၈ ကာရက် ရွှေသားအတိ အိမ်သာခွက်ကို သူခိုးဂိုဏ်းတစ်ခုက ခိုးယူသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Belenheim နန်းတော်) (Photo: Leon Neal/Getty Images)

စက်တင်ဘာ ၁၄ ရက်နေ့မှာ ခိုးယူခံရတဲ့ ရွှေသားအတိ အိမ်သာခွက်ဟာ အမေရိကန်ဒေါ်လာ ၁.၂၅ သန်း တန်ဖိုးရှိတယ်လို့ CBS News သတင်းက ဖော်ပြပါတယ်။ ရွှေသားအိမ်သာ တပ်ဆင်ပြသထားတဲ့ အောက်စ်ဖို့ရှိုင်းယားရှိ Belenheim နန်းတော်ဟာ ကမ္ဘာစစ်ကာလအတွင်း ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဝင်စတန်ချာချီ မွေးဖွားခဲ့ရာနေရာနဲ့ ဘိုးဘွားပိုင်နေအိမ်လည်း ဖြစ်ပါတယ်။



၁၈ ရာစုနှစ်လက်ရာ Belenheim နန်းတော်ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာအဖြစ် သတ်မှတ်ထားပါတယ်။ America လို့ အမည်ပေးထားတဲ့ အဆိုပါ ရွှေသားအတိ အိမ်သာခွက်ကို အီတလီ အနုပညာရှင် Maurizio Cattelan က ဖန်တီးပြုလုပ်ခဲ့တာဖြစ်ပြီး ယခင်က အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ Solomon R. Guggenheim ပြတိုက်မှာ ထားရှိပြထားခဲ့တာ ဖြစ်ပါတယ်။

(America ရွှေသားအတိ အိမ်သာခွက်) (Photo: Leon Neal/Getty Images)

ယခု စက်တင်ဘာလအတွင်းမှာတော့ ဗြိတိန်နိုင်ငံ Blenheim နန်းတော်မှာပြုလုပ်မယ့် Maurizio Cattelan ရဲ့ အနုပညာပစ္စည်းများ စုစည်းပြသပွဲမှာ ပြသနိုင်ရန် ခေတ္တငှားရမ်းထားခဲ့ကြောင်း သိရပါတယ်။ Belenheim နန်းတော်ကနေ ရွှေအိမ်သာခွက် ခိုးယူခံရမှုနဲ့ ပတ်သက်ပြီး အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

"သူခိုးတွေက နန်းတော်ထဲကို ညဘက်ကတည်းက ခိုးဝင်နေခဲ့ကြပြီး မနက် ၄ နာရီ ၅၀ မိနစ်လောက်မှာ ပြန်ထွက်သွားခဲ့ကြပါတယ်၊ ဒီ ဖောက်ထွင်းခိုးယူမှုမှာ ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး" လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။ "ခိုးယူခံရတဲ့ အနုပညာပစ္စည်းက တန်ဖိုးကြီးလှတဲ့ ရွှေသားအတိ အိမ်သာခွက်တစ်ခုဖြစ်ပြီး နန်းတော်မှာ ပြသဖို့အတွက်ထားရှိခဲ့တာပါ" လို့ စုံစမ်းစစ်ဆေးရေးမှူး Jess Milne က ပြောပါတယ်။

(နယူးယော့ခ်မြို့ရှိ Solomon R. Guggenheim ပြတိုက်) (Photo: ArchDaily)

"ရွှေအိမ်သာခွက်ကို အဆောက်အအုံမှာ အသေအချာ တပ်ဆင်ထားခဲ့တာဆိုတော့ သူတို့ ဖြုတ်ခိုးသွားလို့ အပျက်အစီးတွေဖြစ်ပြီး ရေတွေလည်းရွှဲနေခဲ့ပါတယ်၊ ဖောက်ထွင်းခိုးတဲ့အုပ်စုက အနည်းဆုံး ကားနှစ်စီးသုံးခဲ့ကြတယ်" လို့ ၎င်းက ဆက်လက် ပြောပါတယ်။

ခိုးယူခံရတဲ့ ရွှေသားအတိ အိမ်သာခွက်ကို ပြန်ရှာမတွေ့သေးကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း Jess Milne က ဆိုပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အဖိုးတန် အနုပညာလက်ရာ ခိုးယူခံရမှုအတွက် ဝမ်နည်းရကြောင်းနဲ့ အနုပညာပြပွဲကိုတော့ ယနေ့ (စက်တင်ဘာ ၁၅ ရက်) မှာ ပြန်လည်ဖွင့်လှစ် ပြသသွားမယ်လို့ Blenheim နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။


Share

Loading Next Article...
က္က