မြောက်နဲ့တောင် ကာရိုလိုင်းနားပြည်နယ်တွေကို ချဉ်းကပ်လာနေတဲ့ နှစ်ပေါင်း ၃၀ နီးပါးအတွင်း အားအကောင်းဆုံးမုန်တိုင်း ဖြစ်ပါတယ်။

အမေရိကန်မှာ ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ် ချဉ်းကပ်လာမှုကြောင့် အရှေ့တောင်ပိုင်းဒေသ ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသခံ ၁.၅ သန်းကို နေအိမ်များမှ ရွှေ့ပြောင်းကြရန် ညွှွန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

2018-09-11_212955.jpg

Map: weather.com

ဟာရီကိန်းဖလောရင့်စ် (Hurricane Florence) ဟာ မြောက်ကာရိုလိုင်းနားနဲ့ တောင်ကာရိုလိုင်းနား ပြည်နယ်တွေကို ချဉ်းကပ်လာနေတဲ့ နှစ်ပေါင်း ၃၀ နီးပါးအတွင်း အားအကောင်းဆုံးမုန်တိုင်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဟာရီကိန်းဖလောရင့်စ်က ကမ်းရိုးတန်းနဲ့ ပိုမိုနီးကပ်လာတယ်လို့ ဆိုပါတယ်။ဟာရီကိန်းဖလောရင့်စ်ဟာ ပြင်းအားအဆင့် ၄ (Category 4) မုန်တိုင်းအဖြစ်သို့ ရောက်ရှိနေပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ဖြင့် တိုက်ခတ်နေကာ သောကြာနေ့ (စက်တင်ဘာ ၁၄ ရက်) မှာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။



Map: AccuWeather

ဟာရီကိန်းဖလောရင့်စ်ဟာ တောင်ကာရိုလိုင်းနားပြည်နယ် နယ်စပ်အနီး မြောက်ကာရိုလိုင်းနားပြည်နယ် အရှေ့တောင်ပိုင်းဒေသကို ဝင်ရောက်နိုင်ကြောင်း မီယာမီမှာရှိတဲ့ အမျိုးသားဟာရီကိန်းဌာန (National Hurricane Center - NHC) က ပြောပါတယ်။မုန်တိုင်းဝင်ရောက်တိုက်ခတ်မယ့် ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေက ၎င်းတို့နေအိမ်တွေကို အထပ်သားပြား အကာအရံတွေ တပ်ဆင်နေကြပြီး အစားအစာ၊ ရေနဲ့ အခြား အသုံးအဆောင်တွေကို ဝယ်ယူစုဆောင်းနေကြကြောင်း သိရပါတယ်။

Photo: CNN

တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး ဟင်နရီမက်မာစတာက ယခု ဟာရီကိန်းမုန်တိုင်းဟာ ၁၉၈၉ ခုနှစ်က လူ ၂၇ ဦး သေဆုံးခဲ့တဲ့ ဟာရီကိန်းဟူဂို တိုက်ခတ်ခဲ့မှုကို အမှတ်ရစေခဲ့ကြောင်းနဲ့ ဒေသခံတွေကို ၎င်းတို့ရဲ့ ရွှေ့ပြောင်းရန်ညွန်ကြားချက်အတိုင်း လိုက်နာကြရန် တိုက်တွန်းခဲ့ပါတယ်။

NHC ရဲ့ ထုတ်ပြန်ချက်အရ ဟာရီကိန်းဖလောရင့်စ်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းရှိ ကိပ်ဖီးယားဒေသရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၉၅၀ အကွာမှာ တည်ရှိနေပြီး ကြာသပတေးနေ့ (စက်တင်ဘာ ၁၃ ရက်) ညပိုင်းမှာ အလွန်အန္တရယ်ကြီးမားတဲ့ ဟာရီကိန်းမုန်တိုင်းကြီး ဖြစ်လာမယ်လို့ သိရပါတယ်။မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ပြီး ပင်လယ်ရေလှိုင်းများ ၁၃ ပေအထိ မြင့်တက်ရိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးရေချိန် လက်မ ၂၀ မှ အများဆုံး လက်မ ၃၀ အထိ ရွာသွန်းနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။ ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးနောက် ရက်နဲ့ချီကာ ဆက်လက် တိုက်ခတ်နေနိုင်ကြောင်းလည်း မိုးလေဝသခန့်မှန်းသူတွေက သတိပေးထားပါတယ်။

Share

Loading Next Article...
က္က