အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ အလှမ်းမဝေးတဲ့ ဝါရှင်တန်ဒီစီ လမ်းမပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြား လူငါးဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(Photo: @EvanLambertTV/Twitter)
ဝါရှင်တန်ဒေသစံတော်ချိန် ကြာသပတေးနေ့ (စက်တင်ဘာ ၁၉ ရက်) ညနှောင်းပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် သေနတ်တစ်လက်ကိုင်ဆောင်ထားတဲ့ သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း Reuters သတင်းကဖော်ပြပါတယ်။ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရှိရသေးကြောင်းနဲ့ လက်ရှိမှာ ပစ်ခတ်မှုဖြစ်ပွားနေဆဲ အခြေအနေ မဟုတ်တော့ကြောင်း မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ စတူးအတ် အမ်မာမန်းက ပြောပါတယ်။
(Photo: @ABC7Jay/Twitter)
ကားတစ်စီးပေါ်ကနေ ပစ်ခတ်သွားခဲ့တာဖြစ်ပြီး ဒဏ်ရာရခဲ့သူ ငါးဦးအနက် နှစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။ သေဆုံးဒဏ်ရာရသူ အားလုံးဟာ အရွယ်ရောက်ပြီးသူများ ဖြစ်တယ်လို့လည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။ ဝါရှင်တန်ဒီစီရှိ Columbia Heighs အရပ်မှာ ဒေသစံတော်ချိန် ကြာသပတေးနေ့ည ၁၀ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိုနေရာဟာ သမ္မတအိမ်ဖြူတော်နဲ့ နှစ်မိုင်မျှ အကွာအဝေးမှာလည်း ဖြစ်ပါတယ်။
(Photo: Nirmal Ghosh)
သံသယရှိသူနှစ်ဦးက ANissan Sedan အမျိုးအစား ကားတစ်စီးပေါ်ကနေ AK ရိုင်ဖယ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ABC သတင်းဌာနနဲ့ ပူးပေါင်းထားတဲ့ WJLA-TV က လွှင့်တင်ခဲ့တဲ့ Twitter ဓာတ်ပုံတွေအရ အခင်းဖြစ်နေရာကနေ သေဆုံးဒဏ်ရာရသူတွေကို သယ်ဆောင်သွားတဲ့ အရေးပေါ်ကားတွေကို တွေ့ရပြီး ၁၄ လမ်းနဲ့ ကိုလံဘီယာလမ်းဆုံနေရာမှာ ရဲတပ်ဖွဲ့ဝင် အများအပြားရှိနေကြာင်း WJLA-TV က ပြောပါတယ်။