နေ့စဉ် ပုံမှန်အလုပ်တွေကို နောက်ကျမှစတင်လေ့ရှိပါတယ်။

လျှို့ဝှက်ထားရှိရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နေ့စဉ် ပုံမှန်လုပ်ငန်းအစီအစဉ်များ ပေါက်ကြားထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။ လျှို့ဝှက်ထားရမှာဖြစ်တဲ့ သမ္မတထရန့်ရဲ့ နေ့စဉ် အစီအစဉ်တွေကို သတင်းဝက်ဘ်ဆိုက် Axios.com က ဖော်ပြခဲ့မှုအပေါ် အိမ်ဖြူတော်တာဝန်ရှိသူတွေ ဒေါသထွက်နေပါတယ်။

(အိမ်ဖြူတော် Oval Office မှာတွေ့ရသည့် သမ္မတထရန်) (Photo: Jonathan Ernst/Reuters)

အဆိုပါ သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့မှုအရ အမေရိကန်သမ္မတထရန့်ဟာ နေ့စဉ် ပုံမှန်အလုပ်တွေကို နောက်ကျမှစတင်လေ့ရှိပြီး အချိန်အများစုကို တီဗီကြည့်ခြင်း၊ သတင်းစာတွေဖတ်ခြင်းနဲ့ Twitter သုံးခြင်းတို့ဖြင့် ကုန်ဆုံးလေ့ရှိတယ်လို့ ဆိုပါတယ်။ Axios က ထုတ်ဖော်ရေးသားမှုအရ ကမ္ဘာ့အင်အားအကြီးဆုံး သမ္မတတစ်ဦးအတွက် ရုံးခန်းမှာလုပ်ဆောင်ရတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ လွယ်ကူသယောင် ဖြစ်နေမှုအပေါ် အမေရိကန်သမ္မတ အိမ်ဖြူတော်က တုံ့ပြန်ငြင်းဆိုမှု မရှိခဲ့ပါဘူး။



(Image: Axios)

အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးရုံးက မီဒီယာကိုပေးအပ်ခဲ့တဲ့ အချက်အလက်အရ ရက်အများစုမှာ သမ္မတထရန့်ဟာ မနက် ၁၁ နာရီမတိုင်မီ ရုံးအလုပ်တွေ မရှိကြောင်းလည်း သိရပါတယ်။ ထရန့်ရဲ့ နေ့စဉ်အလုပ်တွေကိုတော့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး အစည်းအဝေးပြုလုပ် ညွန်ကြားခြင်းဖြင့် စတင်လေ့ရှိတယ်လို့ ဆိုပါတယ်။ Axios က ဖော်ပြခဲ့မှုအရ သမ္မတထရန့်ဟာ အဆိုပါ အစည်းအဝေးပြီးပါ နောက်ထပ် လုပ်စရာအများအပြား မရှိကြောင်းလည်း သိရပါတယ်။

(Oval Office မှာ အစည်းအဝေးပြုလုပ်နေသည့် ထရန့်) (Photo: CNN)

သမ္မတရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာများအနက်မှ ၆၀ ရာခိုင်နှုန်းကို စီမံခန့်ခွဲရေးအချိန် (executive time) လို့ သတ်မှတ်ဖော်ပြထားပြီး အစီအစဉ်တကျမဟုတ်တဲ့ အချိန်ဖြစ်ကာ ဖုန်းခေါ်ဆိုခြင်း၊ သတင်းစာဖတ်ခြင်း၊ Twitter သုံးခြင်းနဲ့ တီဗီကြည့်ခြင်းတို့ လုပ်ဆောင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတထရန့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းရေးမှူး Madeleine Westerhout က ကသိကအောက်ဖြစ်စရာ ယခုသတင်းကို မကျေမနပ်ဖြစ်ခဲ့ပါတယ်။

(ဖလော်ရီဒါမှ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် ထရန့်) (Photo: Al Drago-Pool/Getty Images)

"ဘယ်လောက် ရှက်စရာကောင်းတဲ့ ယုံကြည်မှုဖောက်ဖျက်ပြီး ပေါက်ကြားစေမှုမျိုးလဲ၊ Axios မှာပါတဲ့ ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေက အစိုးရအလုပ်ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတထရန့် နေ့စဉ် လုပ်ဆောင်နေတဲ့ ရာနဲ့ချီတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ အစည်းအဝေးတွေကို မဖော်ပြထားဘူး" လို့ သူမက Twitter မှာ ပြောခဲ့ပါတယ်။

"ဒီ အမေရိကန်သမ္မတက လက်ရှိ သမိုင်းတစ်လျှောက်မှာ အမေရိကန်ပြည်သူတွေအတွက် အားလုံးထက်ပိုပြီး အလုပ်လုပ်နေသူပါ" လို့လည်း ထရန့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းရေးမှူးက ဆက်လက် ပြောထားပါသေးတယ်။

(သမ္မတထရန့်နဲ့ Madeleine Westerhout) (Photo: Madeleine Westerhout/Twitter)

တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၄ ရက်) မှာ အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ အစီအစဉ်တွေအရ သမ္မတထရန့်ရဲ့ နေ့စဉ်အလုပ်တွေဟာ ပုံမှန်အတိုင်းပဲဖြစ်တာ တွေ့ရတယ်လို့လည်း AFP သတင်းက ဖော်ပြပါတယ်။ အိမ်ဖြူတော်က ထုတ်ပြန်ထားမှုအရ သမ္မတထရန့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေမှာ ဖလော်ရီဒါပြည်နယ်ရှိ ဂေါက်ကလပ် (golf club) မှာ ရှိနေခဲ့ပါတယ်။

တနင်္လာနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ သတင်းအချက်အလက်ဆိုင်ရာ အစည်းအဝေး ပြုလုပ်မှာဖြစ်ပြီး မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာတော့ ဒုတိယသမ္မတ မိုက်ပင့်စ်နဲ့ နေ့လယ်စာစားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ သမ္မတထရန့်ရဲ့ နေ့စဉ် အစီအစဉ်တွေမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က