"သမ္မတက သူ့ရဲ့မူဝါဒ အတော်များများကို မကြိုက်ခဲ့ပါဘူး၊ သူတို့ သဘောထားကွဲလွဲခဲ့ကြပါတယ်"

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

(အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်) (Photo: Reuters)

"ကျွန်တော် မနေ့ညကပဲ အိမ်ဖြူတော်မှာ သူရဲ့တာဝန်ထမ်းဆောင်မှု မလိုအပ်တော့ဘူးလို့ ဂျွန်ဘော်လ်တန်ကို ပြောခဲ့ပါတယ်၊ ကျွန်တော် သူရဲ့အကြံပြုချက်တွေ အများအပြားကို လုံးဝ သဘောမကျခဲ့ပါဘူး" လို့ ထရန့်က ယနေ့ (စက်တင်ဘာ ၁၀ ရက်) မှာ ပြောပါတယ်။



လတ်တလော ဖျက်သိမ်းလိုက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန် တာလီဘန်အုပ်စုကို အမေရိကန်သို့ ဖိတ်ခေါ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ထရန့်အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေရှိကြောင်း သတင်းများထွက်ပေါ်နေစဉ် ဂျွန်ဘော်လ်တန်ကို ရာထူးမှထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။

(သမ္မတထရန့်နဲ့ ဂျွန်ဘော်လ်တန်) (Photo: The Washington Post)

"သမ္မတက သူ့ရဲ့မူဝါဒ အတော်များများကို မကြိုက်ခဲ့ပါဘူး၊ သူတို့ သဘောထားကွဲလွဲခဲ့ကြပါတယ်" လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအကြီးအကဲ စတီဖနီ ဂရစ်ဟမ်က သတင်းထောက်တွေကို ပြောပါတယ်။ ယခုသတင်းနဲ့ပတ်သက်ပြီး ဂျွန်ဘော်လ်တန်ဘက်ကတော့ "ကျွန်တော် မနေ့ညက ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောခဲ့ပါတယ်၊ သမ္မတထရန့်က အဲဒီကိစ္စ မနက်ဖြန် ပြောကြတာပေါ့လို့ ပြောခဲ့တယ်" လို့ Twitter မှာ ရေးသားထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Shutterstock)

ဂျွန်ဘော်လ်တန်က Twitter မှာ ထိုသို့ရေးသားထားမှုဟာ သမ္မတထရန့်က ၎င်းကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ပြောဆိုမှုနဲ့ ကွဲလွဲနေတာလည်း တွေ့ရပါတယ်။ ရှေ့နေ့၊ နိုင်ငံရေးဝေဖန်သုံးသပ်သူ၊ ရီပတ်ဘလစ်ကင်ပါတီ အကြံပေးနဲ့ သံတမန်ဟောင်းတစ်ဦးဖြစ်သူ ဂျွန်ဘော်လ်တန်ဟာ ယမန်နှစ် ဧပြီ ၉ ရက်မှာ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး တစ်နှစ်နဲ့ငါးလကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က