အမေရိကန်အလယ်ပိုင်းမှာ အပူချိန် စံချိန်တင်ကျဆင်းမှု ၃၀ ကျော်ရှိခဲ့ပါတယ်။

အပူချိန် အနုတ် ၄၉ ဒီဂရီဆဲလ်စီးယပ်အထိ အနိမ့်ဆုံးကျဆင်းကာ မြောက်ဝင်ရိုးစွန်းကဲ့သို့ အလွန်အမင်း အေးခဲမှုကို အမေရိကန် အလယ်ပိုင်းဒေသတစ်လျှောက် လူဦးရေသန်းပေါင်းရာနဲ့ချီပြီး ဇန်နဝါရီ ၃၁ ရက်မှာ တွေ့ကြုံခဲ့ရကြောင်းနဲ့ အအေးလွန်ကဲမှုကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Getty Images)

လက်ရှိအချိန်မှာတော့ ရာသီဥတု ပိုမိုပူနွေးလာပြီဖြစ်ပေမဲ့ အိမ်ခြေရာမဲ့တွေနဲ့ သက်ကြီးရွယ်အို လူဦးရေအတွက် အနည်းမျှသာ သက်သာစေတဲ့ အခြေအနေလို့ ဆိုပါတယ်။ အမေရိကန်မှာ ယခုရက်ပိုင်း တွေ့ကြုံနေခဲ့ရတဲ့ အလွန်အမင်း အေးခဲမှုဟာ မိနစ်ပိုင်းအတွင်း နှင်းကိုက်နာ (frostbite) ဖြစ်နိုင်ပြီး ပြင်ပနေရာတွေမှာ နေထိုင်ရသူတွေအတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

အမေရိကန်ပြည်နယ်တွေမှာ အလွန်အမင်း အေးခဲမှုနဲ့ဆက်နွယ်နေတဲ့ သေဆုံးမှုတွေဖြစ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။ အအေးလွန်ကဲမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းသတင်းတွေကဖော်ပြခဲ့ပါတယ်။


(Photo: Getty Images)

ယခုအခါမှာတော့ ချီကာဂိုမြို့မှာ အအေးလွန်ကဲမှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူအရေအတွက် ၂၁ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။ အလွန်အမင်း အေးခဲမှုနဲ့ဆက်နွယ်နေတဲ့ လူသေဆုံးမှု ၉ ခုဖြစ်ခဲ့ကြောင်း ချီကာဂိုမြို့ရှိ John H Stroger Jr ဆေးရုံမှ ဆရာဝန်ဖြစ်သူ Stathis Poulakidas က ပြောခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း ဆေးရုံမှာ နှင်းကိုက်နာခံစားရသူ ၂၅ ဦးကို ကုသမှုပေးခဲ့ရတယ်လို့လည်း အဆိုပါ ဆရာဝန်ကဆိုပါတယ်။ နှင်းကိုက်နာ ဆိုးရွားစွာဖြစ်သူတွေဟာ လက်ချောင်းနဲ့ ခြေချောင်းတွေကို ဖြတ်တောက်ပစ်ရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ဆရာဝန် Stathis Poulakidas ကပြောပါတယ်။



(

Photo: Getty Images)

အလွန်အမင်း အေးခဲမှုကြောင့် သေဆုံးခဲ့သူတွေအနက် အိုင်အိုဝါတက္ကသိုလ်မှ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ Gerard Belz အမည်ရှိ အဆိုပါ တက္ကသိုလ်ကျောင်းသားကို ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၃၀ ရက်) မနက်ပိုင်းမှာ ၎င်းရဲ့အဆောင်မှ မလှမ်းမကမ်းနေရာ ကျောင်းဝင်းအတွင်း သေဆုံးလျက်သား တွေ့ခဲ့ရကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တက္ကသိုလ်ကျောင်းသား သေဆုံးရမှုဟာ အအေးဒဏ်ကြောင့် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဒေသခံ ရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသား Gerard Belz ရဲ့ အလောင်းကိုတွေ့ရှိရချိန်မှာ အပူချိန်ဟာ အနုတ် ၄၆ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းကာ အလွန်အမင်း အေးခဲနေကြောင်းလည်း National Weather Service (NWS) ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

(Photo: Reuters)

အမေရိကန်မှာ လတ်တလော တွေ့ကြုံခဲ့ရတဲ့ အလွန်အမင်းအေးခဲမှုဟာ အိမ်ခြေရာမဲ့များနဲ့ ရွှေ့ပြောင်းနေထိုင်သူများအတွက် အန္တရာယ်ရှိတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ချီကာဂိုမြို့နဲ့ အခြား အမေရိကန်မြို့ကြီးတွေမှာ ၎င်းတို့အတွက် ခိုလှုံစရာ နေရာများပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

အမေရိကန် အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ ယခုကဲ့သို့ အလွန်အမင်း အေးခဲမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်မှာ တစ်ကြိမ်တွေ့ကြုံခဲ့ရဖူးတယ်လို့ NWS မှတ်တမ်းအရ သိရပါတယ်။ ယခုကဲ့သို့ အအေးလွန်ကဲမှုဟာ polar vortex လို့ သိထားကြတဲ့ မြောက်ဝင်ရိုးစွန်းဒေသမှ လေအေးများဝင်ရောက်လာမှုကြောင့် ဖြစ်ပါတယ်။

(Photo: AP)

အန္တရာယ်ရှိနိုင်တဲ့ အလွန်အမင်း အေးခဲမှုကြောင့် အဓိကအားဖြင့် အမေရိကန် အလယ်ပိုင်းဒေသရှိ ထောင်နဲ့ချီတဲ့ စာသင်ကျောင်းတွကို ပိတ်ထားခဲ့ပြီး လေကြောင်းခရီးစဉ် ၂,၀၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ အလွန်အမင်း အေးခဲမှုကို အပြင်းထန်ဆုံး တွေ့ကြုံခဲ့ရတဲ့ ချီကာဂိုမြို့ရှိ O'Hare အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်ခုတည်းမှာပင် လေကြောင်းခရီးစဉ် ၇၀၀ ကျော် ဖျက်သိမ်းခဲ့ရကြောင်း FlightAware လေကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

(Photo: AP)

အမေရိကန်အလယ်ပိုင်း နေရာဒေသတွေမှာ အပူချိန် စံချိန်တင်ကျဆင်းမှု ၃၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မင်နီဆိုတားပြည်နယ် ကော်တွန်မြို့ငယ်လေးမှာ ကြာသပတေးနေ့ (ဇန်နဝါရီ ၃၁ ရက်) အစောပိုင်း အပူချိန်ဟာ အနုတ် ၄၈ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းနေခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်မှာ အလွန်အမင်း အေးခဲမှုနဲ့ပတ်သက်ပြီး "ဒီလို အလွန်ပြင်းထန်တဲ့ လေအေးတွေက မျိုးဆက်တစ်ဆက်မှာ တစ်ကြိမ်ပဲလို့တောင် ကျွန်တော်ပြောပါမယ်" လို့ National Weather Service (NWS) မှ မိုးလေဝသပညာရှင် John Gagan က ယခုသီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က