အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုများအတွင်း သေဆုံးခဲ့သူ ၂၃ ဦးအနက် မိသားစုတစ်ခုတည်းမှ မိသားစုဝင် ခုနစ်ဦး ပါဝင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
(လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့မှုအချို့) (Photo: Reuters)
ရှာဖွေကယ်ဆယ်ရေးသမားတွေက လေဆင်နှာမောင်း အပျက်အစီးများကို ရှင်းလင်းခဲ့စဉ် ကလေးများ အပါအဝင် မိသားစုဝင် ခုနစ်ဦးကိုရဲ့အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ မိသားစုမှ သေဆုံးခဲ့သူတွေဟာ အသက် ၆ နှစ်မှ ၈၉ နှစ်အရွယ်တွေဖြစ်ကြောင်း Lee County သေမှုသေခင်း စုံစမ်းစစ်ဆေးရေးအရာရှိ ဘီလ်ဟာရစ်က မတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောခဲ့ပါတယ်။
အလာဘားမားပြည်နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုအတွင်း လူ ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သေးကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။ လေဆင်နှာမောင်းကြောင့် လူ ၅၀ နီးပါးလည်း ဒဏ်ရာရခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။
(လေဆင်နှာမောင်းကြောင့် သေဆုံးခဲ့သူ မိန်းကလေးငယ်) (Photo: GoFundMe)
"လေဆင်နှာမောင်းတိုက်သွားတဲ့အချိန်က အိမ်ထဲမှာ အဲဒီ မိသားစုဝင်တွေအားလုံး ရှိနေခဲ့တယ်လို့ ယုံကြည်ပါတယ်၊ အိမ်မှာ မရှိခဲ့သူနှစ်ဦးကလွဲပြီး သူတို့အားလုံး သေဆုံးခဲ့ကြတာပါ" လို့ ဘီလ်ဟာရစ်က သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးခဲ့တဲ့ မိသားစုရဲ့နေအိမ်ဟာ လုံးဝ ပျက်စီးသွားခဲ့တယ်လို့လည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။
အလာဘားမားပြည်နယ် Lee County မှာ မတ်လ ၃ ရက်နေ့က လေတိုက်နှုန်း အနည်းဆုံး တစ်နာရီလျှင် ၁၆၅ မိုင်အထိ ပြင်းထန်တဲ့ လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အလာဘားမားနဲ့ အိမ်နီးချင်း ဂျော်ဂျီယာပြည်နယ်မှာ ဒေသခံထောင်နဲ့ချီပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။
(အလာဘားမားမှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့စဉ်) (Photo: Keith Irwin/Twitter)
တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားမှုအရ မတ်လ ၃ ရက် လေဆင်နှာမောင်းတစ်ခုဟာ မိုင် ၇၀ အကွာအဝေးအထိ ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်းနဲ့ နောက်ထပ် လေဆင်နှာမောင်းကတော့ ၂၉ မိုင် အကွာအဝေးတစ်လျှောက် ဖြတ်သန်းတိုက်ခတ်သွားခဲ့ကြောင်းလည်း သိရပါတယ်။
ယခု သေဆုံးမှုဟာ အလာဘားမားပြည်နယ်မှာ ၂၀၁၁ ခုနှစ်က Tuscaloosa-Birmingham လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း လေဆင်နှာမောင်းကြောင့် လေဆင်နှာမောင်းကြောင့် လူသေဆုံးမှု အများဆုံးနေ့ ဖြစ်လာခဲ့ပါတယ်။