မူလတန်းအရွယ်များ အပါအဝင် ကျောင်းသူကျောင်းသား ၁,၈၀၀ ဝန်းကျင် တက်ရောက်နေတဲ့ကျောင်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်တစ်ဦး သေဆုံးပြီး အခြား ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

(Photo: AFP/Michael Ciaglo/Getty Images)

ဒေသစံတော်ချိန် အင်္ဂါနေ့ (မေ ၇ ရက်) က အဆိုပါ စာသင်ကျောင်းမှာပင် တက်ရောက်နေကြတဲ့ ကျောင်းသားတွေက ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း ကနဦး သတင်းတွေအရ သိရှိရပါတယ်။ ပစ်ခတ်မှုကြောင့် ခွဲစိတ်ကုသနေရသူအချို့ အပါအဝင် ကျောင်းသူကျောင်းသားတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ Douglas ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ တိုနီစပါးလော့ခ်က ပြောပါတယ်။



သေနတ်ဒဏ်ရာရခဲ့သူတွေအနက် အသက်အငယ်ဆုံးအဖြစ် ၁၅ နှစ်အရွယ်တစ်ဦး ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ပစ်ခတ်ခံမှုကြောင့် သေဆုံးခဲ့သူဟာ အသက် ၁၈ နှစ်အရွယ် ဖြစ်တယ်လို့ Douglas ကောင်တီရဲတပ်ဖွဲ့က Twitter မှာ ပြောထားပါတယ်။

(Photo: AP)

စာသင်ကျောင်းမှာ ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ဟာ အဆိုပါကျောင်းမှာပင် တက်ရောက်နေကြတဲ့ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးနဲ့ လူငယ်အမျိုးသားတစ်ဦးတို့ ဖြစ်ကြကြောင်း AFP သတင်းမှာဖော်ပြပါတယ်။ ယခုပစ်ခတ်မှုနဲ့ပတ်သက်နေတဲ့ နောက်ထပ် သံသယရှိရသူ မရှိတော့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုကျူးလွန်သူနှစ်ဦးက STEM School Highlands Ranch ကျောင်းအတွင်းကို လမ်းလျှောက်ဝင်လာခဲ့ပြီးနောက် သီးခြားနေရာနှစ်ခုမှာ ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းမှ သေနတ်တစ်လက်ကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: @mattwild/Twitter)

"တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်မျိုး မရှိပါဘူး၊ ကျောင်းကနေ အကြောင်းကြားပြီး နှစ်မိနစ်လောက်အကြာမှာပဲ အရာရှိတွေ အဲဒီနေရာကို ရောက်ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲ တိုနီစပါးလော့ခ်က ဆိုပါတယ်။ "အရာရှိတွေ ကျောင်းထဲကို အမြန်ဆုံးရောက်ရှိခဲ့တာကြောင့်လည်း အသက်တွေကို ကယ်နိုင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့လည်း တိုနီစပါးလော့ခ်က ဖြည့်စွက်ပြောခဲ့ပါတယ်။

ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ဆင်ခြေဖုံး Douglas ကောင်တီမှာတည်ရှိတဲ့ STEM စာသင်ကျောင်းမှာ မူလတန်းအရွယ်များ အပါအဝင် ကျောင်းသူကျောင်းသား ၁,၈၀၀ ဝန်းကျင် တက်ရောက်နေကြပြီး ကိုလံဘိုင်းအထက်တန်းကျောင်း (Columbine High School) နဲ့ ငါးမိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် STEM ကျောင်းကို နာရီအတန်ကြာ ပိတ်ထားခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်မှာ ပြန်ဖွင့်ပေးခဲ့ကြောင်း သိရပါတယ်။ 

(Photo: People's Daily China)

ကိုလံဘိုင်းအထက်တန်းကျောင်းမှာလည်း ၁၉၉၉ ခုနှစ်က လက်နက်အများအပြား ကိုင်ဆောင်ထားတဲ့ ဆယ်ကျော်သက်နှစ်ဦးက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသူကျောင်းသား ၁၂ ဦးနဲ့ ဆရာတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။ ကိုလံဘိုင်းအထက်တန်းကျောင်း ပစ်ခတ်မှုဟာ ထိုစဉ်က အမေရိကန်သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံး စာသင်ကျောင်းပစ်ခတ်မှုလည်း ဖြစ်ခဲ့ပါတယ်။

စာသင်ကျောင်းပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေခဲ့တဲ့ အမေရိကန်မှာ ၂၀၁၇ ခုနှစ်အတွင်း ပစ်ခတ်မှုတွေကြောင့် လူဦးရေ ၄၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း Centers for Disease Control and Prevention (CDC) ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ အမေရိကန်မှာ လက်နက်ကိုင်ကိုင်ဆောင်မှုကလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး လက်ရှိ စာရင်းတွေအရ နိုင်ငံလူဦးရေ ၃၂၇ သန်းကျော်မှာ လက်နက်အရေအတွက် ၃၉၃ သန်းရှိနေကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က