ချီကာဂိုမြို့စွန် အော်ရိုရာမြို့ စက်မှုဇုန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့စွန် စက်မှုဇုန်နေရာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအဝင် လူခြောက်ဦးသေဆုံးခဲ့ပါတယ်။

(Photo: John J. Kim/Chicago Tribune)

ဒေသစံတော်ချိန် သောကြောနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) မွန်းလွဲပိုင်းက ချီကာဂိုမြို့စွန် အော်ရိုရာမြို့ စက်မှုဇုန်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ရဲအရာရှိငါးဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ သေနတ်သမားဟာ ရဲအရာရှိတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။



ချီကာဂိုအနောက်ဘက် မိုင် ၄၀ ခန့်အကွာ ဆင်ခြေဖုံးဒေသရှိ အော်ရိုရာမြို့ရှိ ကုန်ထုတ်လုပ်မှုကုမ္ပဏီတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ သေနတ်သမားဟာ ပစ်ခတ်မှုမတိုင်မီ အလုပ်ထုတ်ခံခဲ့တဲ့ အဆိုပါကုမ္ပဏီမှ အသက် ၄၅ နှစ်အရွယ် ဂယ်ရီမာတင် အမည်ရှိ ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

(Photo: John J. Kim/Chicago Tribune)

ပစ်ခတ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေကို ငြင်းဆိုခဲ့ပေမဲ့ Chicago Sun-Times သတင်းစာကတော့ အဆိုပါ အမျိုးသားဟာ ပိုလျှံဝန်ထမ်းအဖြစ် သတ်မှတ်ခံရပြီး အလုပ်ထုတ်ခံရမှုအပေါ် စိတ်ဖိစီးမှုခံစားနေခဲ့ရတယ်လို့ ၎င်းရဲ့မိသားစုက ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပစ်ခတ်မှုဟာ ရေပိုက်လိုင်းကြီးတွေအတွက် ပစ္စည်းများထုတ်လုပ်တဲ့ Henry Pratt ကုမ္ပဏီမှာ ဖြစ်ပွားခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ဒေသစံတော်ချိန် ဖေဖေါ်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၂၄ မိနစ်ခန့်က အော်ရိုရာမြို့မှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရခဲ့တယ်လို့ အော်ရိုရာရဲတပ်ဖွဲ့ အကြီးအကဲ ခရစ္စတင်ဇီမန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(Photo: John J. Kim/Chicago Tribune)

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စက်မှုဇုန်နေရာမှာ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို မီးသတ်ဌာနနဲ့ ဆေးဘက်ဆိုင်ရာဌာ အပါအဝင် အရေးပေါ်ဌာနများနဲ့အတူ အလျင်အမြန် ချထားခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ ရဲအရာရှိတွေကို အနီးအနားရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ယခုပစ်ခတ်မှုဟာ ကျောင်းသူကျောင်းသား ၁၄ ဦးနဲ့ ကျောင်းဝန်ထမ်းသုံးဦး သေဆုံးခဲ့တဲ့ ဖလော်ရီဒါပြည်နယ် ပတ်ခ်လမ်းမြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းပစ်ခတ်မှု နှစ်ပတ်လည်နေ့အပြီး နောက်တစ်ရက်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က