In partnership with  logo
ကိုယ်တိုင် မွေးဖွားပေးလိုက်တဲ့အေးမြပန်းချီကားတွေကြောင့် လူတွေပိုသိသွားခဲ့သူကတော့ ပန်းချီဆရာမMa Charmပဲဖြစ်ပါတယ်။

အေးမြလို့ ဆိုလိုက်ရင် မြန်မာဝတ်စုံလေးဝတ်၊ ပါးမှာ ပါးကွက်လေးကွက်ထားတတ်ပြီး ကျက်သရေရှိရှိအလှကို အမြဲပိုင်ဆိုင်ထားတတ်တဲ့ အမျိုးသမီးတစ်ဦးကို မြင်ယောင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလို ဘာပကာသနမှမပါဘဲ ရိုးရှင်းတဲ့အလှက ဘာဆိုတာ အားလုံးကိုသိစေ၊ မြင်စေ၊ ခံစားစေခဲ့တဲ့သူ တစ်နည်းအားဖြင့် အေးမြကို မွေးဖွားပေးခဲ့သူကတော့ ပန်းချီဆရာမ Ma Charm ပဲဖြစ်ပါတယ်။

အေးမြနဲ့ Ma Charm ခွဲပြီးပြောမရအောင်ကို လိုက်ဖက်ညီပြီး ထူးခြားလွန်းတဲ့ သူတို့နှစ်ယောက်အကြောင်းကို မပြောသေးခင် အေးမြကို မွေးဖွားပေးခဲ့တဲ့ Ma Charm အကြောင်းကို စပြောချင်ပါတယ်။ ငယ်ငယ်တုန်းက ကိုယ့်ဘာသာကိုယ် ပန်းချီဝါသနာပါမပါသေချာမသိခဲ့ပေမယ့် ကိုယ်ကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံတွေ ကြည့်ပြီး ပြန်ကူးရေးရရင် ပျော်နေတတ်သူဟာ မူလတန်းအရွယ် Ma Charm ဆိုတဲ့ ကလေးလေးပါ။ ပန်းချီကို ၀ါသနာပါမှန်း စသိခဲ့တာ သူမ (၇)တန်းလောက်မှာပေါ့။ အဲ့ဒီနောက်ပိုင်း သူမ ၁ဝတန်းအောင်ရင် ပန်းချီကျောင်းပဲ တက်ပြီး ကြီးလာတဲ့အခါ ပန်းချီဆရာမလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေး စတင်ဖြစ်တည်လာခဲ့ပါတယ်။

“မန္တလေးက ဆရာစူးမြင့်သိန်းဆီမှာ ၅တန်းလောက်ကစပြီး နွေရာသီမှာ ပန်းချီသင်တန်းတက်တယ်။ မောင်နှမ တတွေ အုပ်စုလိုက် တက်ရတယ်။ စသင်တုန်းကတော့ ဘာသင်သင် ပျော်နေတာပဲ။ ဆရာသင်တော့ လိုက်ကူးရေးရတာထက် ကိုယ့်စိတ်နဲ့ကိုယ်ပြန်ထွင်ပြီး ရေးရတာ ပိုကြိုက်တယ်။ (၁၀)တန်း အောင်ပြီး ယဉ်ကျေးမှု တက္ကသိုလ်မှာ ပန်းချီမေဂျာယူတော့ ရိုးရာကနုတ်ပန်းတွေဆွဲရတာ ကြိုက်တယ်။ လူပုံတွေရေးရတဲ့ Anatomy(ခန္ဓာဗေဒ-ဘာသာရပ်) ကိုကြိုက်တယ်။ အမှတ်ရစရာတွေကတော့ အများကြီးပဲဗျာ။ သူငယ်ချင်းတွေနဲ့ Outdoor ထွက်ခဲ့တဲ့ အချိန်တွေကို အမြဲတမ်း သတိရတယ်။ ပထမနှစ်တုန်းက Drawing သင်တဲ့ အခါ ဆွမ်းအုပ်ပုံကြီး မရေးတတ်လို့ ငိုခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ဆွမ်းအုပ်ပုံကြီး ရေးရတာ အရမ်းခက်တာပဲ။ လိုင်း အခုံးတွေ အခွက်တွေနဲ့ Contour Line တွနဲ့ရေးရတာ မျက်စိလည်နေတာ။ Anatomy နဲ့ မြန်မာ့ ရိုးရာ ကနုတ်ပန်းတွေ ရေးရတာ ပျော်တယ်။” လို့ သူမရဲ့ ပန်းချီပညာကို စတင်လေ့လာခွင့်ရတဲ့အချိန်တွေအကြောင်း ပြောပြပေးသွားပါတယ်။

သူမကျောင်းပြီးတဲ့အခါမှာတော့ သူငယ်ချင်းတွေစုပြီးလုပ်တဲ့ ပန်းချီပြပွဲလေးမှာ ပါဝင်ပြသဖြစ်ခဲ့တာပါ။ ၂၀၁၆ မှာလုပ်တဲ့ Relative Art Exhibition ပွဲမှာ အေးမြကို ပထမဆုံး သူမစတင်ပြသခဲ့ပါတယ်။ ဒါဟာ အားလုံးကို အေးမြကဘယ်သူဆိုတာ၊ ဘယ်လိုအမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာ စတင်မိတ်ဆက်ပေးခဲ့တဲ့ အချိန်ဆိုလည်း မမှားပါဘူး။

“အဲဒီပွဲမှာ ပြနေတဲ့အချိန် ကျွန်တော့်ဆီမှာ ပန်းချီကားဝယ်သွားတဲ့သူတွေက တစ်ကိုယ်တော် ပြပွဲလုပ်ဖို့ စိတ်ဝင်စားလားလို့ မေးပါတယ်။ ကျွန်တော်လည်း အဲဒီအချိန်မှာတုန်းကတော့ Solo ပွဲလုပ်ဖို့ စိတ်ထဲကလည်း ကြောက်နေတယ်။ ဒါပေမယ့် အေးမြလေးတွေလည်း အများကြီး ရေးကြည့်ချင်နေတယ်။ အဲဒါနဲ့ပဲ ၂၀၁၇ မတ်လမှာ အေးမြ ဆိုတဲ့ ခေါင်းစဉ် နဲ့ First Solo Show ‌ေလးပြုလုပ်ခဲ့တာပါ။” လို့ သူမက ဆိုပါတယ်။

အေးမြရဲ့ဟန်၊ အေးမြရဲ့အသွင်အပြင်ဟာ အခြားအမျိုးသမီးတွေနဲ့ လုံးလုံးမတူဘဲ တမူထူးခြားနေရခြင်း အကြောင်း သူမကို မေးကြည့်မိတော့ “ကိုယ်ကမွေးဖွားပေးလိုက်တဲ့ “အေးမြ” လေးဆိုပေမယ့် “အေးမြ” ကြောင့်ပဲ ကျွန်တော်က ပန်းချီဆရာမ Ma Charm ဆိုပြီး ဖြစ်လာရတာပါ။ “အေးမြ” ကို ကျွန်တော် အရမ်းတန်ဖိုးထားပါတယ်။ ကျွန်တော့်ကြောင့် “အေးမြ” လေးကို မထိခိုက်အောင် အစစအရာရာ ကျွန်တော် ဂရုစိုက်ပြီးနေပါတယ်။ အေးမြကို Background မျိုးစုံ ၊ အင်္ကျီ အရောင်စုံ ၊ ဟန်ပန်လေးတွေ မျိုးစုံနဲ့ ရေးချင်နေတာ။ အဲဒါကြောင့်ပဲ ဆက်တိုက် ဆွဲဖြစ်သွားတာပါ။ ကိုယ်ကိုယ်တိုင်ကလည်း အညာသူဆိုတော့ အညာသူတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ရိုးသားတဲ့စိတ် ၊ မာနကြီးတတ်တဲ့ စိတ် ၊ နူးညံ့သိမ်မွေ့တဲ့ စိတ်ကိုပဲ အတတ်နိုင်ဆုံး ထည့်သွင်းပြီး သရုပ်ဖော်ခဲ့တာပါ။ ပြောရမယ်ဆို “အေးမြ” လေးတွေ ရေးနေရတာကို ကျွန်တော့် စိတ်ထဲမှာ မဝသေးဘူး”တဲ့။

အေးမြရယ်လို့ သူမပုံမဖော်ခင်အချိန်တွေကတော့ ကိုယ်ပိုင် Subject မရှိသေးဘဲ ဓါတ်ပုံလေးတွေ ၊ ရှုခင်းလေးတွေ လှရင် ကူးရေးကြည့်မိခဲ့တာလောက်ပဲ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင် Subject တစ်ခုရှိသွားတာမို့ သူမအတွက် ပန်းချီရေးချိန်တွေမှာ ပိုပျော်ပြီးပိုလွတ်လပ်တယ်လို့ သိရပါတယ်။ သူမ ပန်းချီကားတစ်ကား ရေးတော့မယ်ဆိုရင် ဘယ်လိုလေးတွေ Mood သွင်းသလဲ၊ ပန်းချီကားလေးကို စတင်အသက်သွင်းသလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

“ပန်းချီကားတစ်ကားရေးတော့မယ်ဆိုရင် မရေးခင် ၂ ရက်လောက်အလိုကတည်းက စိတ်ကို နှစ်ထားတယ်။ ဘယ်လို Background လေးရေးမယ်။ ဘာအရောင်လေးတွေ ရေးမယ်ဆိုပြီးပေါ့။ စိတ်ထဲမှာ ကိုယ်ရေးမယ့် ပန်းချီကားကို မျက်လုံးထဲမှာ အထိ ရှင်းရှင်းလင်းလင်း ပုံပေါ်လာပြီဆိုမှ Canvas ပေါ်မှာ ချရေးဖြစ်တယ်။ ကြာချိန်ကတော့ တစ်ကားနဲ့ တစ်ကား မတူဘူးပေါ့။ Size နဲ့ Mood အပေါ်မှာလည်း ဆိုင်တယ်ဆိုတော့လေ။ ၂ ရက်လောက်နဲ့ ပြီးသွားတာလည်း ရှိသလို တစ်ပတ်လောက်အထိ ကြာသွားတာလည်း ရှိပါတယ်။” လို့ သူမက ဖွင့်ဟသွားခဲ့ပါတယ်။

သူမလုပ်ခဲ့တဲ့ ပြပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအမှတ်တရလေးတွေ ရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း “အမှတ်တရတွေအများကြီးထဲမှာမှ ၂၀၁ရမှာပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ပြပွဲလေး ကတော့ ကျွန်တော့် ဘဝအတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ မှတ်တိုင်လေးတစ်ခုပါပဲ။ ပထမဆုံး Solo ဖြစ်တဲ့အတွက် စိတ်ထဲမှာ အားငယ်နေချိန် ၊ ကြောက်ရွံ့နေချိန် ၊ စိတ်အလှုပ်ရှားဆုံး ဖြစ်နေချိန်တွေပါ။ ပြပွဲ ဒုတိယနေ့မှာပဲ ပန်းချီကားတွေ အကုန်ရောင်းလိုက်ရတယ်။ ပထမရက်မှာ တစ်ကားတည်းရောင်းရပြီး ဒုတိယတစ်ရက်မှာ ကျန်တဲ့ (၂၉)ကားလုံးရောင်းလိုက်ရတယ်။ ဒူးတွေပါ တဆတ်ဆတ်တုန်ပြီး မယုံနိုင်လောက်တဲ့ အိပ်မက်တစ်ခုလိုပါပဲ။ ခုပြန်တွေးမိတိုင်း ခုထိ ရင်ခုန်ကြည်နူးမိတုန်းပါပဲ။” လို့ ပြန်လည်ပြောပြသွားခဲ့ပါတယ်။

ခုဆိုရင် ပန်းချီကားပေါင်း ၂ဝဝကျော်ရေးဆွဲပြီးဖြစ်တဲ့ သူမဟာ ကိုယ့်ကိုယ်ကိုယ်အမြဲနှိမ့်ချတတ်တဲ့သူ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပန်းချီဆရာမတစ်ယောက်အဖြစ် အပြည့်အဝ နာမည်မခံရဲသေးပေမယ့် ပန်းချီတွေ ရေးခွင့်ရပြီး ပြပွဲတွေလုပ်ခွင့်ရတာ သူမကံကောင်းတယ်လို့ ဆိုပါတယ်။ သူမရဲ့လက်ရှိဘဝလေးကို ကျေနပ်တဲ့အကြောင်း သူမပြောပြပေးသွားတာက

“ကျွန်တော် အများကြီး လေ့လာပြီး ကြိုးစားရဦးမှာပါ။ သူများပြပွဲတွေ သွားကြည့်တိုင်းလည်း ကျွန်တော် သင်ယူတဲ့စိတ်နဲ့ပဲ ကြည့်ဖြစ်တယ်။ ကိုယ်မတွေးမိတဲ့ ကိုယ်မတွေးတတ်တဲ့ အရာတွေကို သူတို့ ဖန်တီးထားတာတွေ့ရင် ကျွန်တော့်အတွက် ပညာတွေ ၊ အတွေးတွေ အများကြီး ရစေပါတယ်။ ကျွန်တော်က ပန်းချီ ဆရာမ မဖြစ်ခဲ့ရင်တောင် ပန်းချီနဲ့ ပတ်သက်တဲ့ အလုပ်ပဲ လုပ်မယ်လို့ စိတ်ကူးထားခဲ့တာ။ အခုလို ပန်းချီတွေရေးနေရပြီ ၊ ပြပွဲတွေ လုပ်ခွင့်ရနေပြီဆိုကတည်းက ကျွန်တော် ကံကောင်းနေပြီပေါ့။ ဘာလို့လဲဆိုတော့ ပန်းချီကားတွေ ရေးနေရင်းနဲ့လည်း ပျော်တယ်။ ကိုယ်ရေးတဲ့ ပန်းချီကားလေးတွေကို ၀ိုင်းအချစ်ခံရတော့လည်း ပျော်တယ်။ ပန်းချီကားရောင်းရတဲ့ ပိုက်ဆံနဲ့ ပန်းချီပစ္စည်းတွေ ပြန်ဝယ်ခွင့်ရတော့လည်း ပျော်တယ်။ ပြပွဲတွေ လုပ်နေရတာလည်း ပျော်တယ်။ သိပ်ပြီး အများကြီး မျှော်လင့် မထားတဲ့အတွက် အခု လက်ရှိရောက်နေတဲ့ ဘဝလေးကို ကျေနပ်ပျော်ရွှင်မိပါတယ်”တဲ့။

ပန်းချီရေးတဲ့အခါ ကိုယ်ပိုင်ဟန်နဲ့ရေးတဲ့ ပန်းချီဆရာတွေကို ပိုကြိုက်ပြီး ကိုယ်ပိုင်ရေးချက်၊ ကိုယ်ပိုင် Subject တွေနဲ့ သီးသန့်ခွဲထွက်နေတာမျိုးကို ပိုပြီးအားကျတဲ့ Ma Charm က ပန်းချီပညာကိုလေ့လာချင်တဲ့ သူတွေအတွက် “စိတ်ကို အရှင်းလင်းဆုံး နဲ့ အရိုးသားဆုံးပဲထားပါ။ စိတ်ဓါတ်လည်း မကျပါနဲ့။ ဖြစ်ချင်ဇောတွေနဲ့လည်း လောမကြီးပါနဲ့။ များများတွေးပါ။ များများရေးပါ။ ကိုယ့်အိပ်မက်ကိုယ် အကောင်အထည်ဖော်နိုင်တဲ့ လူငယ်လေးတွေ ဖြစ်လာကြပါစေ” လို့အကြံပြုရင်းဆုတောင်ပေးသွားပါတယ်။

ခုလက်ရှိမှာတော့ Ma Charm ဟာ ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မို့ ကိုယ်ဝန်ဆောင်မိခင်ပုံလေးတွေ ရေးချင်နေတဲ့အကြောင်း ခုလိုဆိုပါတယ်။ “ ဗိုက်ထဲက သန္ဓေသားလေးကို ပန်းလေးတွေနဲ့ ရောပြီး ရေးချင်တယ်။ နွေးထွေးတဲ့ အရောင်လေးတွေနဲ့ အေးမြတဲ့ ပန်းချီကားလေး တစ်ကား ရေးကြည့်ချင်နေတယ်။ ပုံမှန်လုပ်ဖြစ်တာကတော့ အိမ်မှာနေရင်း ပုံတွေရေးလိုက်၊ စာအုပ်ဖတ်လိုက်၊ ဒီဇိုင်းရေးလိုက်ပါပဲ။ ပြီးတော့ ချိတ်ဒီဇိုင်းလေးတွေ၊ ယက္ကန်းချိတ်ဒီဇိုင်းတွေရေးဖြစ်ပါတယ်”တဲ့။

Ma Charm ဟာ သူမရေးတဲ့ဇာတ်ကောင် အေးမြကတစ်ဆင့် ကြည့်ရှုသူတွေကို စိတ်အေးချမ်းမှုလေးတွေ ပေးတတ်သူဖြစ်ပြီး မြန်မာအမျိုးသမီးတစ်ဦးရဲ့ ထူးခြားတဲ့ဖြစ်တည်မှု၊ ဉာဏ်ပညာကြီးမာပုံ၊ ရိုးရှင်းတဲ့ ဆွဲဆောင်မှု၊ ရိုးသားတဲ့ ပင်ကိုယ်စရိုက်စတာတွေကို တစ်နည်းတစ်ဖုံ ထင်ဟပ်ပေါ်လွင်အောင် ရေးသားနိုင်သူပါ။ နိစ္စဓူဝ အပူအပင်တွေကြား၊ စိတ်ရှုပ်စရာကိစ္စရပ်တွေနဲ့ ဗျာများစရာတွေကြားမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဘယ်သူမဆို သူမရဲ့ ပန်းချီကားလေးတွေကြည့်ပြီး စိတ်အေးချမ်းမှုလေးတွေ ရမယ်ဆိုရင်ပဲ သူမကတော့ ပျော်နေမယ့်သူပေါ့။ သူမအတွက် ပျော်ရွှင်မှုဟာ တကယ့်ကိုရိုးသားပြီး ထူးခြားလွန်းပါတယ်။ ဒီအရာက ဘာကိုသေချာသိမြင်သွားစေသလဲဆိုတာ သူမရဲ့ဘဝဟာ ပန်းချီသာ ဖြစ်ပြီး Ma Charm နဲ့ အေးမြဆိုတဲ့အမျိုးသမီးဟာလည်း ဘယ်တော့မှခွဲမရတော့အောင် ထပ်တူကျနေဦးမယ်ဆိုတာပါပဲ။

Share

Loading Next Article...
က္က