သူမကတော့ မိခင်ကို အမြဲ စိတ်ချမ်းသာအောင် ထားနိုင်ခဲ့တယ်တဲ့။

မိခင်နဲ့ အနေဝေးနေပေမယ့်လည်း နေ့စဉ်မပျက် ဖုန်းအဆက်အသွယ်မပြတ်ခဲ့သလို မြန်မာနိုင်ငံကို လာလည်ရင်လည်း မိခင်ကို အကောင်းဆုံး ဖြစ်အောင် ကျေနပ်အောင် ပြုစုစောင့်ရှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Thandar Hlaing



သားတစ်ယောက်၊သမီးတစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝကို ထူထောင်ထားနိုင်တဲ့ သန္တာလှိုင်ဟာ မိခင်အပေါ်ကိုလည်း တာဝန်ကျေတဲ့ သမီးတစ်ယောက် ဖြစ်ခဲ့သူပါ။ မိခင်နဲ့ အနေဝေးပေမယ့်လည်း နေ့စဉ်ဖုန်းနဲ့အဆက်အသွယ်ရှိခဲ့ပြီး မိခင်ပြန်ရောက်လာတဲ့အချိန်တွေမှာလည်း မိခင်စိတ်တိုင်းကျ ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ဘဝမှာ ပြန်တွေးလိုက်တိုင်း မိခင်နဲ့ ပတ်သက်ပြီး ကြည်နူးစရာ အမှတ်တရတွေ အပြည့်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

“အခုချိန်မှာ ပြန်တွေးကြည့်လိုက်ရင် အမေနဲ့ ပတ်သက်ပြီးတော့ ဘဝမှာ ကြည်နူးစရာ ကျေနပ်စရာလေးတွေတော့ အများကြီး ရှိခဲ့တယ်။ အခုချိန်မှာ ကိုယ့်အမေကလည်း အသက်ရှင်လျက်ရှိနေသေးတာ ဖြစ်တဲ့အတွက် ဒီထက်မက အများကြီး အများကြီး လုပ်ပေးလို့ ရတယ်ဆိုတဲ့ အသိက အရမ်းကို ကျေနပ်စေတယ်။ လူဖြစ်ရကျိုးနပ်စေတယ်” လို့ သူမက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြခဲ့တာပါ။

Photo: Thandar Hlaing

သူမအတွက် မိခင်မေတ္တာကို သားသမီးရလာတဲ့ အချိန်မှာ ပိုသိလာခဲ့သလို အမေ့မေတ္တာတွေကိုလည်း နားလည်လာခဲ့တဲ့အပြင် မိခင်ဆီက သင်ယူရတဲ့ သင်ခန်းစာတွေလည်း အများကြီး ရှိခဲ့တယ်လို့ ပြောပါတယ်။

‘’သားသမီးရလာတဲ့အချိန်မှာ သိခဲ့ရတာက အဖေက အရင်တုန်းက အမြဲတမ်းပြောတယ်။ သူက ကလေးတွေကို မွေးကတည်းကနေ ဂရုစိုက်ခဲ့ရတာ။ အမေထက်ကို ပိုပြီးတော့ ဘယ်လို ဂရုစိုက်တယ်ဆိုပြီး ပြောခဲ့တာတွေကို ကိုယ်က ယုံခဲ့တယ်။ အမေက ဘာမှမလုပ်ပေးခဲ့ဘူးလို့ ထင်ခဲ့တာပေါ့နော်။ ဒါပေမယ့် ကိုယ်သားသမီးရလာတဲ့အချိန်မှာ ဒါတွေက အမေမရှိရင် မဖြစ်ပါလား၊ အမေ မလုပ်ပေးရင် မရပါလား၊ အဖေပြောတာတွေကို ယုံခဲ့တယ်ဆိုတာ ကိုယ်တွေ မသိလို့ ယုံခဲ့တာပါလားဆိုတာကို အမေဖြစ်လာပြီးတော့မှ သိလာတယ်။ အမေက သူတစ်ခွန်းမှ မပြောပြခဲ့ပဲနဲ့ကို ကိုယ်တကယ် အမေဖြစ်လာတဲ့အခါမှာ သူပြောစရာမလိုတဲ့ အချက်တွေ၊ သူ ဘာတွေလုပ်ပေးခဲ့ရတယ်ဆိုတာတွေကို မြင်လာတာပါ’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Thandar Hlaing

အမေများနေ့နဲ့ ပတ်သက်ပြီး မိခင်ကို စနောက်ခဲ့တဲ့အကြောင်းလေးကိုလည်း မှတ်မှတ်ရရ ယခုလို ပြန်ပြောခဲ့ပါသေးတယ်။

“လွန်ခဲ့တဲ့ ၂ရက်လောက်တုန်းက ဆံပင်ဆေးဆိုးတုန်းက အဖြူရောင်အချောင်းအချောင်းလေးတွေ ကြိုးတို့ကြဲတဲနဲ့ မေမေနဲ့တူသွားတော့ ဒါအမေများနေ့နီးလို့ အမေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆံပင်ဆိုးလိုက်တာဆိုပြီးတော့ နောက်လိုက်သေးတယ်” လို့ သူမက ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

မေလ(၁၂) ရက်နေ့မှာ ကျရောက်တော့မယ့် အမေများနေ့အတွက်ကိုလည်း သူမက အမေတွေကို ပြောချင်တဲ့ စကားလေးကိုလည်း Duwun Media ကနေတဆင့် ယခုလို ပြောပြခဲ့ပါတယ်။

“အမေတွေကို ပြောချင်တာကတော့ အမေတစ်ယောက်အနေနဲ့ အားလုံးအတွက် ချစ်ပြီး အားလုံးအတွက် ပေးဆပ်ဖို့ပဲ မစဉ်းစားပါနဲ့လို့။ ကိုယ့်ကိုကိုယ်လည်း ချစ်ပေးပြီး ကိုယ့်အတွက်လည်း ကိုယ်သိတတ်ပါ” လို့ မိခင်တွေရဲ့ဘဝကို ကရုဏာသက်စွာနဲ့ ပြောခဲ့ပါတယ်။

Photo: Thandar Hlaing

သန္တာလှိုင်ဟာ လက်ရှိမှာ အောင်မြင်တဲ့မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေပြီး သားသမီးတွေအတွက် ဂုဏ်ယူထိုက်တဲ့ မိခင်တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ပထမအိမ်ထောင်နဲ့ ကွဲပြီးနောက်မှာလည်း သားနဲ့သမီးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူဖြစ်သလို ယခုလက်ရှိမှာလည်း အစစအရာရာနားလည်မှု အပြည့်ပေးနိုင်ပြီး သားသမီးတွေနဲ့လည်း အဆင်ပြေတဲ့ ဒုတိယ အိမ်ထောင်နဲ့ သာယာပြည့်စုံတဲ့ ဘဝသစ်တစ်ခုထူထောင်နေသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က