မြနှင်းရည်လွင်က အမေစုလို ပုံစံမျိုး ဓာတ်ပုံရိုက်ခွင့်ရတဲ့ ခံစားချက်တွေ ရင်ဖွင့်ပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း စိုးရိမ်စိတ်တွေရှိခဲ့ပါတယ်တဲ့။
Photo: Ye Htut
အမေစုလို ပုံစံမျိုးနဲ့ ရိုက်ထားတဲ့ မြနှင်းရည်လွင်ရဲ့ ဓာတ်ပုံတွေက အခုဆိုရင် အွန်လိုင်းစာမျက်နှာတွေမှာ ပျံ့လို့နေပါပြီ။ သူမကိုယ်တိုင်ကလည်း ဒီလိုမျိုး ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တဲ့အကြောင်းကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
‘’ ဓာတ်ပုံဆရာ မောင်လေး ရဲထွဋ်ပေါ့နော်။ သူက ကမ်းလှမ်းလာတာ၊ သူ့ရဲ့ Project တစ်ခု လုပ်စရာရှိတယ်၊ အမေစုလို inspire ယူပြီးရိုက်မယ်ဆိုတော့ ကိုယ်လည်း ဒီလို ကမ်းလှမ်းခံရတာ ဂုဏ်ယူတာပေါ့။ မတူဘူးဆိုတာ သိပေမယ့် ဝမ်းသာရတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: Ye Htut
မြနှင်းရည်လွင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအပေါ် ပရိသတ်တွေက အမေစုနဲ့တူတယ်၊ မတူဘူးဆိုတာကိုလည်း သုံးသပ်ပြောပြတာတွေ ပြန်ကြားရတယ်လို့ သူကဆိုပါတယ်။
‘’မျက်နှာက ဒီအတိုင်းကြည့်ရင်တော့လည်း မတူဘူးပေါ့နော်။ ဒါပေမယ့် ရုတ်တရက်လေးတွေ ပုံစံအနေအထားက သွားဆင်တာမျိုးဖြစ်မှာပေါ့။ အဲဒီလိုကြောင့်ပဲ လူတွေက တူတယ်လို့ မြင်သွားတာပေါ့နော်။ ဒါပေမယ့်လည်း မတူဘူးပြောတဲ့သူလည်းရှိသလို တူတယ်လို့ပြောတဲ့သူတွေလည်း ရှိပါတယ်’’ ဆိုပြီးတော့ POSH Runway 2019 ပွဲတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Ye Htut
သူမကိုယ်တိုင်ကလည်း အမေစုကို inspired ယူပြီး ဓာတ်ပုံရိုက်ခွင့်ရတဲ့အပေါ်မှာ ဝမ်းသာပေမယ့် စိုးရိမ်စိတ်တွေရှိခဲ့တယ်လို့ မြနှင်းရည်လွင်က ဆိုပါတယ်။
‘’ ဒါကြောင့်လည်း မျက်လုံးက အရမ်းကြောက်နေတဲ့ ပုံစံပေါက်တာပေါ့နော်။ ကိုယ်က အမှားပါသွားမှာ စိုးရိမ်တာပေါ့နော်။ ကိုယ်တွေက နိုင်ငံရေးလည်း လုပ်တာမဟုတ်ဘူးပေါ့နော်။ ဒါက အမေစုနဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုချင်တဲ့သဘောပေါ့နော်။ အမေစုရဲ့ ပုံစံမျိုးက လူတိုင်းလေးစားအားကျရတဲ့ လူဆိုတော့ ဒီဟာကိုပဲ inspired ယူလိုက်တာဆိုတော့ အရိုက်ခံလိုက်တယ်။ ဒါပေမယ့် ကိုယ်က စိုးရိမ်တာပေါ့နော်။ အမေစုလို မျက်လုံးမျိုးတော့ ဘယ်ရမလဲ၊ ကိုယ်က ကြောက်နေတဲ့ မျက်လုံးဖြစ်နေတာပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: Ye Htut
သရုပ်ဆောင်မြနှင်းရည်လွင်ကတော့ ဧဒင်နတ်သမီးရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ် လောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အနုပညာအလုပ်ကို အားပေးတဲ့ ခင်ပွန်းကြောင့်ပဲ ၂၀၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလက်ခံခဲ့တာ ဖြစ်ပါတယ်။
Share