ဝက်စ်ဟမ်းယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေချိန်မှာ မဝေးတော့တဲ့ကာလအတွင်းမှာ ဝက်စ်ဟမ်းအသင်းကို စွန့်ခွာလိုတဲ့ဆန္ဒမရှိကြောင်း ပြောကြားခဲ့ကြောင်း Metro ရဲ့သတင်းအရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီကလန်ရိုက်စ်ကို စောင့်ကြည့််နေခဲ့တာ လပေါင်းများစွာရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း တရားဝင်ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့အတွက် နီးစပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကလန်ရိုက်စ်က ၎င်းဟာ ပရီးမီးယားလိဂ်ရဲ့ ထူးချွန်တဲ့ပါရမီရှင် ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့ပါတယ်။
“ကျွန်တော် ပြီးခဲ့တဲ့နှစ်က ဝက်စ်ဟမ်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။-ကျွန်တော့်အသက် ၂၄ နှစ်အထိ ဒီမှာ ရှိနေစေမယ့်စာချုပ်ပေါ့။ ကျွန်တော့်အတွက်ကတော့ အခုအချိန်မှာ ဒီနေရာက အကောင်းဆုံးနေရာပါပဲ”
“ကျွန်တော့်ကို အခွင့်အရေးပေးတဲ့ နည်းပြအတွက် ကစားပေးနေပြီး တစ်ပတ်ပြီးတစ်ပတ် ကစားပေးခဲ့ပါတယ်”
“တစ်စုံတရာမဖြစ်ပျက်သေးခင်အချိန်အထိ ပြောဆိုမှုတွေက ရှိနေဦးမှာပါ။ အဲဒီတော့ ကျွန်တော် ဝက်စ်ဟမ်းအသင်းအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးနေပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ မျှော်လင့်ရပါတယ်။