အခြေခံပညာအတန်းစာမေးပွဲတွေကို ရက်ရွှေ့ဆိုင်းလိုက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲမတိုင်ခင် အပြီးစစ်ဆေးသွားဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်က အမျိုးသားလွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်းမှုအရ အခြေခံပညာအတန်းစာမေးပွဲတွေကို မတ်လ (၃) ရက်နေ့ကနေ မတ်လ (၁၁) ရက်နေ့ အတွင်း စစ်ဆေးသွားဖို့ ဆုံးဖြတ်ချက်ခဲ့တာဖြစ်ပါတယ်။
အခြေခံပညာအတန်းစာမေးပွဲတွေကို မတ်လကုန်မှ ကျင်းပမယ့်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီ ကျောင်းစစ် စာမေးပွဲ အားလုံးစစ်ဆေးဖို့ အကြံပြုခဲ့ရာ ပညာရေးဝန်ကြီးဌာနက လက်ခံခဲ့တယ်လို့ ဆိုပါတယ်။
“ အမတို့လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းတွေ မေးမြန်းပြီး ဆယ်တန်းစာမေးပွဲမတိုင်ခင် အပြီးသတ်စစ်ဆေးဖို့ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးဘက်က သဘောတူဖို့ တော်တော်လေး အကြိတ်အနယ် ဆွေးနွေးပြီး ပြောခဲ့ရတယ်။ ဝန်ကြီးဘက်ကလည်း မူဝါဒပိုင်းအရ ကိုင်ပြီးတော့ ပြန်ပြီးဆွေးနွေးတာပေါ့။ နောက်ဆုံးမှာတော့ သဘောတူသွားပါတယ်” လို့ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက Duwun ကိုပြောပါတယ်။
အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကတော့ “ အပြောင်းအလဲရှိတာဟုတ်ပါတယ်။ ဒီနေ့ အမျိုးသားလွှတ်တော်မှာ ဝန်ကြီးနဲ့ ပညာရေးအဖွဲ့တွေတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ခဲ့တာပါ။ မကြာခင်မှာ သတင်းအတိအကျ ထုတ်ပြန်ပေးသွားပါမယ်” လို့ ဆိုပါတယ်။
(၄) တန်းနဲ့ (၈) တန်းစာမေးပွဲတွေကို မူလအတိုင်း ဖေဖော်ဝါရီလ ၂၃ ရက်ကနေ မတ်လ ၃ ရက်နေ့အထိ လည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၁၁ ရက်နေ မတ်လ ၂၁ ရက်နေ့ အထိ လည်းကောင်းကျင်းပသွားမယ်လို့ သိရပါတယ်။
ယခုနှစ်မှာ အခြေခံပညာအတန်းတွေ မတ်လကုန်အထိ ကျောင်းတက်ရမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားခဲ့မှုအပေါ် အခြေခံပညာဆရာဆရာမတွေ အပြင် ပညာရေးအဖွဲ့အစည်းပေါင်းစုံက ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပြီးတဲ့နောက် အခုလက်ရှိတော့ စာမေးပွဲရက် ရွှေ့ဆိုင်းဖို့ သဘောတူညီမှုတပေါ်လာခဲ့ပြီလည်းဖြစ်ပါတယ်။