ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေထဲကနေ အမျိုးပေါင်း ၁၁၀ ဟာ သုံးစွဲလို့ မသင့်တော်ဘူးဆိုပြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကနေ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီလိုထုတ်ပြန်ထားတဲ့ စာရင်းအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ စစ်ဆေးတွေ့ရှိခဲ့တဲ့ သုံးစွဲရန်မသင့်တဲ့ အလှကုန်ပစ္စည်းတွေရဲ့အများစုဟာ ထိုင်းနိုင်ငံထုတ်တွေဖြစ်ကြပါတယ်။
"အဓိက ကတော့ အလှကုန်ပစ္စည်းအများစုမှာ မာကျူရီတွေ ပါဝင်နေတာပါ။ ဒါက အလှကုန်ပစ္စည်းအနေနဲ့ တားမြစ်ထားတဲ့ ဓါတုပစ္စည်းဖြစ်ပါတယ်။ တခြားသုံးစွဲဖို့မသင့်တော်တဲ့ ဓါတု ပစ္စည်းတွေလည်းပါဝင်နေပါတယ်"လို့ ရန်ကုန်တိုင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
အဲ့ဒီအလှကုန်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ အများစုက ထိုင်းနိုင်ငံဖြစ်ပြီး တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်နဲ့ပြည်တွင်းထုတ် တွေလည်းပါဝင်ပါတယ်။ အလှကုန်အမျိုးအစားအနေနဲ့ကတော့ မျက်နှာလိမ်းမိတ်ကပ်တွေ၊ အသားဖြူခရင်မ်တွေ နဲ့ လိုးရှင်းအမျိုးအစားတွေများပါတယ်။
တားမြစ်ဓါတုပစ္စည်း(Mercury)ဟာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားရောဂါများ ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချနေတဲ့ ကုမ္ပဏီတွေနဲ့ လက်လီလက်ကားဆိုင်တွေဟာ တားမြစ်ထားတဲ့အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းတွေကို ကျင့်ဝတ်(Ethic) အရ လုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။ တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေကို အမျိုးအစားအလိုက်သိချင်တယ်ဆိုရင်တော့ တားမြစ်ထားတဲ့အလှကုန်ပစ္စည်းများကို Click နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်