တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ အခြေခံပညာကျောင်းများရဲ့ ပထမတန်းမှ နဝမတန်း အောင်စာရင်းတွေကို ဧပြီ (၂၁) ရက်မှာ တစ်ပြိင်နက်တည်း ထုတ်ပြန်ကြေညာမှာဖြစ်ကြောင်း နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ သိရပါတယ်။
Photo - MOI
အခြေခံပညာကျောင်းများမှာ အစိုးစစ်ဖြစ်တဲ့ စတုတ္တတန်းနဲ့ အဌမတန်းရဲ့အတန်းတင်စာမေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ (၁၈) ရက်မှ (၂၅) ရက်အထိ ဖြေဆိုခဲ့ကြတာပါ။ ကျန်ရှိတဲ့ အတန်းများရဲ့သက်ဆိုင်ရာစာမေးပွဲများကိုတော့ ဘာသာရပ်အလိုက် သတ်မှတ်ရက်များမှာ ဖြေဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
အခြေခံပညာအဆင့် အောင်စာရင်းများကို ၂၀၁၆ ခုနှစ်အထိမှာတော့ သင်္ကြန်ကာလအပြီး နှစ်ဆန်း (၂)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သို့သော် ၂၀၁၇ ခုနှစ်မှစပြီး အောင်စာရင်းထုတ်ပြန်တဲ့ရက်ကို အနည်းငယ်နောက်ရွှေ့ခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးရဲ့အဆိုအရ နှစ်ဆန်း ၂ ရက်နေ့မှာ အောင်စာရင်းထုတ်ပြန်ပါက ခရီးသွားရာသီဖြစ်တာကြောင့် အောင်စာရင်းကို လာကြည့်လေ့မရှိကြဘူးလို့လည်း သိရပါတယ်။ ထို့ကြောင့်လည်း အောင်စာရင်းထုတ်ပြန်ရက်ကို အနည်းငယ်နောက်ရွှေ့ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။