အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကားသင်ကြာဖို့ ဆရာတွေကို ယခုလအတွင်း ခန့်အပ်သွားတော့မယ်လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။
အချို့ တိုင်းနဲ့ ပြည်နယ်တွေက အခြေခံပညာကျောင်းတွေမှာ ကလေးတွေက ဗမာစကားထက် မိမိတိုင်းရင်းသားဘာသာစကားကို ပိုမို ကျွမ်းကျင်ကြတာကြောင့် အဲဒီကလေးတွေ အခက်အခဲမရှိအောင် တိုင်းရင်းသားဘာသာစကားသင်ကြားဖို့ ဆရာ၊ဆရာမတွေကို ခန့်အပ်တာလည်း ဖြစ်ပါတယ်။
“ ဒီရက်ပိုင်းအတွင်း အော်ဒါ ထွက်တော့မယ်။နှစ်မျိုးခန့်ဖို့ စီစဉ်ထားတယ်။ သင်ကြားရေးမှာ အကူလုပ်ပေးဖို့ ဆရာတွေ အဖြစ်ခန့်မယ်။ ဘာသာစကားအတွက် သင်ဖို့ ခန့်မယ်။ ဘယ်နှစ်ယောက်ခန့်မလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး” လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
သတ်မှတ်ချက်တွေကတော့ ဘွဲ့လက်မှတ် ရရှိဖို့ မလိုဘဲ သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားကျွမ်းကျင်ဖို့သာလိုအပ်ပြီး တစ်လကို သုံးသောင်းနဲ့ ခန့်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားဘာသာစကားသင်ကြားဖို့ ဆရာဆရာမတွေ ရွေးချယ်ရာမှာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက ကနဦးရွေးချယ်ပြီးမှ ပညာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
“ဒါကတော့ ဝန်ကြီးဌာန နှစ်ခုပေါင်းလုပ်တာပေါ့။ ခန့်မှာက ပညာရေးဝန်ကြီးဌာနက ခန့်တာ။ ကျွန်မတို့က ဒီဘက်ကနေ ရွေးချယ်ပြီး ပညာရေးဘက်ကို ပို့လိုက်တာပေါ့။ ပညာရေးကသူတို့ခန့်ထားနိုင်မယ့် အရေအတွက်ကို ပြန်ပြီးရွေးချယ်မှာပါ။ “ လို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင်က Duwun ကိုပြောပါတယ်။
အချို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အခြေခံပညာကျောင်းတွေမှာ KG တန်းကနေ Grade 3 အထိ ကျောင်းသင်ခန်းစာတွေမှာ တိုင်းရင်းသားဘာသာစကားနဲ့သင်ကြားနိုင်ဖို့ ဆရာ၊ဆရာမတွေ ခန့်အပ်ဖို့စီစဉ်တာဖြစ်ပါတယ်။