ဇန်နဝါရီ (၉) ရက်အစည်းအဝေးမှာ ပြောင်းလဲသတ်မှတ်လိုက်တာပါ။

မတ်လကုန်အထိ တက်ရမယ်လို့ ကြေညာထားပေမယ့် ၄ တန်း၊ ၈ တန်းနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုတဲ့အချိန်မှာ စာစစ်ဌာနရှိတဲ့ ကျောင်းတွေ ပိတ်ထားနိုင်ပြီး ရာသီဥတုပူတဲ့ ဒေသကကျောင်းတွေကိုလည်း အချိန်ပြောင်းလဲဖွင့်ဖို့ ညွှန်ကြားထားတယ်လို့ အခြေခံပညာဦးစီးဌာနကနေသိရပါတယ်။

အခြေခံပညာကျောင်းတွေကို ယခင်က မတ်လ ၃၁ ရက်အထိ တက်ရမည့် အစား မတ်လ ၂၀ ရက်နေ့ အထိသာ တက်ရတော့မယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

ဇန်နဝါရီလ (၉) ရက်နေ့က နေပြည်တော်မှာ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတွေနဲ့ တိုင်းနဲ့ ပြည်နယ်ပညာရေးမှူး (၁၈) ဦး ပါဝင်တဲ့ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အခုလို ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။

ယခင်က ကျောင်းတွင်းစစ်စာမေးပွဲတွေကို မတ်လ (၂၃) ရက်ကနေ မတ်လ (၃၁) ရက်အထိ စစ်ဆေးမယ်လို့ ကြေညာထားခဲ့ရာ အခုတော့ မတ်လ (၂၃) ရက်ကနေ မတ်လ (၂၅) ရက်နေ့အထိပဲ စစ်ဆေးမှာဖြစ်ပြီး တစ်နေ့ကို (၂) ဘာသာနှုန်းနဲ့ စစ်ဆေးသွားမယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက ဆိုပါတယ်။

“ကလေးတွေက နောက်အကျဆုံး မတ်လ ၂၀ ရက်အထိပဲ ကျောင်းတက်ရတော့မယ်။ မနေ့က အများဆန္ဒအရ ဆုံးဖြတ်လိုက်တာပါ။ “ လို့ ဦးတင်မောင်ဝင်းက ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အရ (၄) တန်း၊ (၈) တန်းအစိုးရစစ်စာမေးပွဲတွေကို ဖေဖော်ဝါရီ (၂၄) ရက်ကနေ မတ်လ (၃) ရက်အထိ ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို မတ်လ (၁၁) ရက်ကနေ (၂၀) ရက်အထိ ဖြေဆိုမှာပါ။

အဲဒီအချိန်အတွင်း စာစစ်ဌာနမရှိတဲ့ကျောင်းတွေမှာ အခြားအတန်းတွေ ဖွင့်ထားမှာဖြစ်ပြီး စာစစ်ဌာနရှိတဲ့ ကျောင်းတွေကတော့ ပိတ်ထားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပူပြင်းတဲ့ဒေသတွေက ကျောင်းတွေမှာလည်း သက်ဆိုင်ရာ ပညာရေးမှူးတွေရဲ့ ဆုံးဖြတ်ချက်အရ အချိန်ပြောင်းလဲဖွင့်ဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

“ သက်ဆိုင်ရာကျောင်း၊ သက်ဆိုင်ရာ ဒေသရဲ့ အခြေအနေနဲ့ အဆင်ပြေဆုံးဖြစ်အောင် စီမံဆောင်ရွက်ပါ။ ဆရာတို့အနေနဲ့ အာဏာနဲ့ တင်းကြပ်တာမျိုးမရှိပါဘူး။ ညှိနှိုင်းဆောင်ရွက်ပါလို့ ပြောထားပါတယ်။ “ လို့ ဒုညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက ပြောပါတယ်။

သင်ရိုးညွှန်းတမ်းအသစ်ရဲ့ နောက်ဆုံးသင်ခန်းစာက ဖေဖော်ဝါရီ (၂၈) ရက်အထိ ပြီးစီးအောင် သင်ကြားရမှာဖြစ်ပြီး ကျန်တဲ့ မတ်လကျောင်းဖွင့်ရက်တွေမှာ ဘက်စုံဖွံဖြိုးရေးတွေ၊ သင်ရိုးညွှန်းတမ်းအသစ်ကို ပြန်လည်သုံးသပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ တစ်နှစ်တာလုံး သင်ကြားခဲ့တဲ့အခါမှာ ကလေးတွေ ဘာတွေလိုအပ်ချက်ရှိသလဲဆိုတာ သုံးသပ်မယ်။ သင်ရိုးသစ်မှာ စာပေမကဘဲ ဘက်စုံဖွံဖြိုးတိုးတက်ရေးဖို့ဆိုတာပါတယ်။ ဆရာမအချို့က အရင်စာသင်တဲ့ပုံစံအတိုင်းပဲ လုပ်ချင်ကြတယ်။ ဒါကြောင့် ဒီကာလမှာဆိုရင် ကလေးတွေ စာလဲအဆက်မပြတ်အောင် ဘက်စုံဖွံဖြိုးရေးတိုးတက်အောင်လုပ်မယ်” လို့ ဦးတင်မောင်ဝင်းက ဆိုပါတယ်။

မတ်လကုန်အထိ တက်ရမယ့် ကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆရာဆရာမများအဖွဲ့ချုပ်အပါအဝင် ပညာရေးအဖွဲ့အစည်းပေါင်းစုံက ကန့်ကွက်ထားကြပေမယ့် ပညာရေးဝန်ကြီးဌာနကတော့ ယခင်ကတည်းက ကျောင်းတက်ရက်မှာ ဇွန်လ ၁ ရက်နေ မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီးသားဖြစ်တယ်လို့ ပြောထားပါတယ်။

Share

Loading Next Article...
က္က