ကျန်းမာရေးအရ အနားယူလို့ရမယ့် အခန်းမျိုးစီစဉ်ရမယ်လို့သိရပါတယ်။

အခြေခံပညာကျောင်းတွေပြန်ဖွင့်ပါက ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် ကျောင်းတိုင်းမှာ ကျန်းမာရေးနားနေဆောင်အခန်း (၁)ခန်းဆီထားရှိသွားမယ်လို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။

ကျောင်းမှာ မူးလဲတာတွေနဲ့ ရုတ်တရက်ဖြစ်လာတဲ့ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေမလာခင်အထိ နားနေလို့ရအောင် စီစဉ်ထားခြင်းဖြစ်တယ်လို့ အခြေခံပညာညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။



“အဓိကကတော့ အရေးပေါ်ကျန်းမာရေးတစ်ခုခုဖြစ်လာရင် အေးအေးဆေးဆေးနားနေလို့ရအောင်ပါ။ ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေထည့်သွင်းထားမှာမဟုတ်တော့ ကျန်းမာရေးစောင့်ရှောက်မှုခန်းတော့မဟုတ်ပါဘူး။ ဆေးရုံကကျန်းမာရေးဝန်ထမ်းတွေရောက်မလာခင်အထိခဏနားနေလို့ရအောင်ပါ။ ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးလည်း ဆိုးဆိုးရွားရွားမဖြစ်နိုင်ပါဘူး။ အစကတည်းက နေမကောင်းဖြစ်နေတဲ့ ဆရာတွေ ကျောင်းသားတွေကိုကျောင်းမလာဖို့မှာထားတော့ ကျောင်းမှာတစ်ခုခုဖြစ်တဲ့သူတွေကလည်း ရုတ်တရက်မူးလဲတဲ့သူတွေလောက်ပါပဲရှိမယ်ထင်ပါတယ်”လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းပေါင်း (၄)သောင်းကျော်ရှိပြီး ကျောင်းအားလုံးမှာ ခုလိုလုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ကျောင်းသားကျောင်းသူပေါင်းကတော့ တစ်နိုင်ငံလုံးမှာ မူလတန်းကနေ အထက်တန်း အဆင့်ထိ (၉.၇)သန်းခန့်ရှိပါတယ်။ မြို့ပေါ်ကျောင်းတွေမှာ အခန်းတစ်ခန်းသီးသန့်ထားဖို့ အခက်အခဲမရှိပေမယ့် နယ်ကျောင်းတွေမှာတော့ အခန်းမဟုတ်ရင်တောင် ကျန်းမာရေးအတွက် သီးသန့်နားလို့ရမယ့်နေရာလေး ထားရှိတာမျိုးတွေရှိလာပါလိမ့်မယ်လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

အခြေခံပညာကျောင်းတွေကိုတော့ ဇူလိုင်လ ( ၂၁) ရက်နေ့ကကစလို့ အထက်တန်းအဆင့်ကနေ တစ်ဆင့်ခြင်းဖွင့်လှစ်သွားမှာပါ။ အထက်တန်းအဆင့်တွေကျောင်းအပ်လိုက်ခံခြင်းကို တော့ဇူလိုင် (၁၃)ရက်ကနေ (၁၇)ရက်နေ့ထိ လက်ခံသွားမှာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က