အေစီမီလန်ရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဂီရော့ဒ်ကတော့ သူ့အသင်းကို ရက်သတ္တပတ်တိုင်းမှာ ကယ်တင်ပေးနေသူဖြစ်နေပါပြီ။ မနေ့က ကစားခဲ့တဲ့ စပီဇီယာနဲ့ပွဲမှာ အေစီမီလန်တို့ ပွဲကစားချိန် ၈၈ မိနစ်အထိ ၁ဂိုးစီသရေကျနေပြီး အနိုင်ဂိုးရဖို့အတွက် အရေးကြီးနေချိန်မှာ အသင်းကို ကယ်တင်ပေးခဲ့သူက အိုလီဗာဂီရော့ဒ်ပဲဖြစ်နေပြီး အေစီအတွက် အရေးအကြောင်းဆို ဂီရော့ဒ်ကယ်တင်ပေးခဲ့တာတွေက များပြားနေခဲ့ပါပြီ။
ပွဲကစားချိန် ၈၉ မိနစ်မှာ အသင်းဖော်တိုနာလီရဲ့ ဖြတ်တင်ဘောကို ဂီရော့ဒ်က နောက်ခံလူနှစ်ဦးကပ်ထားတဲ့ကြားထဲကနေ ဘယ်ခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာပါ။ သူ့ရဲ့ ပိတ်သွင်းယူချက်က ဂိုးသမားရဲ့ အဝေးထောင့်ဘက်က တန်းတန်းမတ်မတ်ဝင်သွားခဲ့ပြီး အဖိုးတန်အနိုင်ဂိုးဖြစ်ခဲ့ပါတယ်။ ဒီဂိုးသွင်းအပြီးမှာ ဂီရော့ဒ်က ဂျာစီချွတ်အောင်ပွဲခံခဲ့လို့ အဝါကတ်ပြခံခဲ့ရပြီး ပထမတကြိမ်အဝါထိထားလို့ နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။
ဒါပေမယ့် အေစီကတော့ အနိုင်ဂိုးကို ထိန်းထားနိုင်ခဲ့ပြီးတော့ အဖိုးတန်သုံးမှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ ဂီရော့ဒ်ကတော့ ဒီရာသီမှာ စီးရီးအေသွင်းဂိုး ၅ ဂိုး၊ ချန်ပီယံလိဂ်သွင်းဂိုး ၄ ဂိုးအထိ ရှိလာပြီဖြစ်ပြီး ဖန်တီးမှု ၄ ကြိမ်ပြုလုပ်ပေးထားပါတယ်။ အသက် ၃၆ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးကြီးကတော့ အခုချိန်ထိ ခြေစွမ်းပြသနေတာဖြစ်ပြီး အေစီမီလန်အတွက်တော့ ဂီရော့ဒ်ကို ချယ်လ်ဆိးကနေ ခေါ်ယူခဲ့မှုက အများကြီးအကျိုးရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကလည်း သူက ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဖန်တီးမှု ၄ ကြိမ်ပါ လုပ်ပေးခဲ့ကာ အေစီမီလန်ကို စီးရီးအေချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ပိုခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်ကို မီဖို့အတွက် ၅ ဂိုးတည်းသာ လိုအပ်ပါတော့တယ်။ အသက် ၃၆ နှစ်အရွယ် ဂီရော့ဒ်ကတော့ ဒီခြေစွမ်းတွေကိုသာ ထိန်းထားနိုင်ရင် ပြင်သစ်နဲ့အတူ ကာတာကမ္ဘာ့ဖလားကို သေချာပေါက်လိုက်ပါခွင့်ရမှာလည်းဖြစ်ပါတယ်။