အေစီမီလန်ဘက်က ကမ်းလှမ်းထားတာပါ။

အေစီမီလန်ဟာ အသင်းရဲ့မန်နေဂျာအသစ်အဖြစ် ဇလာတန်အီဘရာဟီမိုဗစ်ကို ခန့်အပ်ဖို့ ဆွေးနွေးနေကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ အေစီမီလန်မှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီပြီးဆုံးချိန်မှာ ကစားသမားဘဝကနေ အနားယူကြောင်း တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။



အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့လို ထိပ်တန်းအသင်းကြီးတွေမှာ ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အေစီမီလန်က ဒီကစားသမားဟောင်းကြီးရဲ့ အတွေ့အကြုံကို ပြန်လည်အသုံးချဖို့ ပြင်ဆင်လာခဲ့တာပါ။

အခု အီဘရာဟီမိုဗစ်ကို ခန့်အပ်ဖို့ ဆွေးနွေးနေတဲ့နေရာက နည်းပြချုပ် ပီအိုလီရဲ့နေရာ မဟုတ်ဘဲ အသင်းရဲ့ အုပ်ချုပ်မှုနဲ့ ကစားသမားတွေ၊ နည်းပြတွေ၊ အသင်းဝန်ထမ်းတွေအကြား ကြားခံဆက်သွယ်ပေးရမယ့် ရာထူးဖြစ်တယ်လို့လည်း အီတလီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အီဘရာဟီမိုဗစ်ကတော့ ဒီရာထူးနဲ့ပတ်သက်လို့ စိတ်ထဲဘဝင်မကျဖြစ်နေပြီး ကမ်းလှမ်းမှုကို လက်မခံခင် အချိန်ယူစဥ်းစားသွားဖွယ်ရှိပါတယ်။

ဒါပေမယ့်လည်း စီးရီးအေကလပ်ဘက်ကတော့ အခြားသောပုဂ္ဂိုလ်တွေကို ကမ်းလှမ်းမှု မပြုလုပ်ခင်မှာ အီဘရာဟီမိုဗစ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းပေးသွားမယ်လို့ သိရှိရပါတယ်။ အသင်းရဲ့ဥက္ကဌ ပေါ်လိုစကာရိုနီကလည်း အီဘရာဟီမိုဗစ်အတွက် အသင်းဘက်က တံခါးဖွင့်ပေးထားကြောင်း ပြောကြားခဲ့ပါသေးတယ်။

အီဘရာဟီမိုဗစ်ဟာ ယူနိုက်တက်မှာ ကစားခဲ့တုန်းကလည်း ယူနိုက်တက်နည်းပြအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်နည်းပြအဖြစ် မော်ရင်ဟိုက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး မော်ရင်ဟိုကိုယ်တိုင်က အီဘရာဟီမိုဗစ်ကို သူ့ရဲ့နည်းပြအဖွဲ့ဝင်ထဲမှာ ထည့်သွင်းသွားဖို့ ဆန္ဒရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အီဘရာဟီမိုဗစ်ကတော့ အဲ့ဒီအချိန်တုန်းက ကစားသမားဘဝကို ရှေ့ဆက် အာရုံစိုက်လိုတာကြောင့် ဒီကမ်းလှမ်းမှုကို လက်မခံဖြစ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က