ပစ်မှတ်စာရင်းထဲမှာ ပါဝင်တဲ့ ၃ ဦးထဲက ၁ ဦးကို အရခေါ်ယူသွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် တိုက်စစ်မှူး ၃ ဦးကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး ပေါ့ဂ်ဘာကို ခေါ်ယူခဲ့တဲ့ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ပမာဏနဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြဆိုးလ်ရှားလက်ထက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်မှာတော့ ဘုတ်အဖွဲ့ဟာ အသင်းကို ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ပေါ့ဂ်ဘာကို ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ ပေါင် ၉၄.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ယင်းအချိန်တုန်းက အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ပမာဏကို အသုံးပြုပြီး ပစ်မှတ်ကစားသမား ၃ ဦးထဲက ၁ ဦးကို အရခေါ်ယူသွားမယ်လို့ Daily Record ရဲ့သတင်းအရ သိရပါတယ်။

မန်ယူဘုတ်အဖွဲ့ဟာ နေမာကို ခေါ်ယူလိုပေမယ့် ပစ်မှတ် ၃ ဦးထဲမှာ အခက်ခဲဆုံးဖြစ်လိမ့်မယ်ဆိုတာ သိနေကြပါတယ်။ ရီးရဲမက်ဒရစ်အသင်းက နေမာကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူဖို့ကြိုးပမ်းနေတာကြောင့် ဖြစ်လာနိုင်ခြေနည်းပါးတဲ့ပစ်မှတ်ဖြစ်ပါတယ်။

ဒုတိယပစ်မှတ်ကတော့ ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်လို့ ပြောလို့ရနိုင်တဲ့ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာလို့ ဆိုပါတယ်။ ရော်နယ်ဒို ရောက်ရှိလာချိန်ကတည်းက ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတဲ့ ဒီဘာလာကို ပေါင်သန်း ၁၁၀ ဝန်းကျင်ပေးချေမယ်ဆိုရင် ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ကလည်း ဒီဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဖြစ်နိုင်ခြေနည်းပါးနေပါတယ်။

နောက်ဆုံးပစ်မှတ်ကတော့ ရီးရဲမက်ဒရစ်ရဲ့ကြယ်ပွင့် ဂါရတ်ဘေးလ် ဖြစ်တယ်လို့ သိရပါတယ်။ ဂါရတ်ဘေးလ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေမကြာခဏထွက်ပေါ်ခဲ့သူဖြစ်ပြီး နောက်ဆုံးမှာ အမှန်တကယ် ခေါ်ယူနိုင်ဖွယ်ရှိတဲ့ကစားသမားဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းကလည်း ယခုရာသီကုန်မှာ အဓိကကစားသမားစာရင်းကို အသစ်ပြန်လည်တည်ဆောက်ဖို့ မျှော်လင့်နေတာကြောင့် ဂါရတ်ဘေးလ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က