ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုနွေရာသီမှာ အသင်းရဲ့ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ကို ရောင်းချဖို့အတွက် ရီးရဲမက်ဒရစ်အသင်းကို ကမ်းလှမ်းခဲ့တယ်လို့ Marca ရဲ့သတင်းအရ သိရပါတယ်။
အဲရစ်ဆင်ဟာ ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့လိုနေသူဖြစ်ပြီး လက်ရှိအချိန်မှာ စပါးအသင်းကလည်း အဲရစ်ဆင်ကို ရောင်းချပြီး ငွေကြေးရှာဖွေသွားတော့မယ်လို့ သိရပါတယ်။ စပါးအသင်းဥက္ကဌ လီဗိုင်းဟာ ရီးရဲမက်ဒရစ်အထွေထွေဒါရိုက်တာ ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်ကို ဖုန်းခေါ်ဆိုခဲ့ပြီး အဲရစ်ဆင်ကို ရောင်းချဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပြီး စပါးဥက္ကဌလီဗိုင်းက လာမယ့်ရာသီကုန်မှာ အဲရစ်ဆင်ကို အလွတ်နဲ့ ထွက်ခွာခွင့်မပြုရမီမှာ ရောင်းထုတ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၂၀၁၈ နွေရာသီတုန်းက အဲရစ်ဆင်အတွက် ယူရိုသန်း ၁၅၀ အထိ လိုချင်ခဲ့ပေမယ့် ယခုနွေရာသီမှာ အဲရစ်ဆင်အတွက် အနည်းဆုံးယူရိုသန်း ၇၀ ရရှိဖို့သာ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ လက်ရှိအချိန်မှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ အစီအစဉ်မရှိသေးဘဲ ပေါ့ဂ်ဘာနဲ့ ဗန်ဒီဘိခ်တို့ကို ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တော့ အဲရစ်ဆင်ကို ပြောင်းလဲခေါ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စနေနေ့က အဲရစ်ဆင်ရဲ့မိသားစုကို မက်ဒရစ်မြို့မှာ အိမ်ရှာနေတာကို မြင်တွေ့ခဲ့ရတယ်လို့ The Sun က ဖော်ပြခဲ့ပြီး အဲရစ်ဆင်က ပြီးခဲ့တဲ့ရာသီကုန်မှာ လာမယ့်ရာသီ အသင်းသစ်မှာ ၎င်းရဲ့ကံကို စမ်းသပ်ကြည့်ဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့သူဖြစ်ပါတယ်။