တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် လက်ရှိရရှိနေတဲ့ လစာထက် ၂ ဆကျော်များပြားတဲ့ လစာနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
ဒိန်းမတ်လက်ရွေးစင်ကြယ်ပွင့် အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုကြောင်း ပြောကြားထားခဲ့ပြီး ၎င်းကို ရီးရဲမက်ဒရစ်၊ ဘာစီ်လိုနာနဲ့ ဂျူဗင်တပ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ဒါပေမယ့်လည်း အဲရစ်ဆင်ဟာ အသင်းကနေ ထွက်ခွာဖို့ အတင်းအကြပ် ကြိုးပမ်းသွားမှာမဟုတ်ဘဲ ၎င်းအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်ရှိမလာခဲ့ဘူးဆိုရင် တော့တင်ဟမ်ဟော့စပါးနဲ့ စာချုပ်သစ်ချုပ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားမယ်လို့ ပြောကြားထားပါတယ်။
တော့တင်ဟမ်ဟော့စပါးဟာ အသင်းရဲ့ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ကို မြောက်လန်ဒန်မှာပဲ အလွန်ထိန်းသိမ်းထားချင်နေတယ်လို့ သိရပြီး တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းအထိ ရရှိနိုင်မယ့် စာချုပ်သစ်ကမ်းလှမ်းခဲ့တယ်လို့ Mail Online က ဖော်ပြပါတယ်။
စပါးက ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်အရ အဲရစ်ဟာ လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၈ သောင်းထက် ၂ ဆကျော် တိုးမြှင့်ရရှိတော့မှာဖြစ်ပြီး အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက အဲရစ်ဆင်အနေနဲ့ လစာအပေါ်အခြေခံပြီး ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာမဟုတ်ဘူးဆိုတာ သိရှိထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်အနေနဲ့ တစ်စုံတရာအသစ်တွေကို ကြိုးပမ်းရမယ့် ကစားသမားဘဝသက်တမ်းကို ရောက်ရှိနေပြီလို့ ခံစားရပါတယ်။ တော့တင်ဟမ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးအတွက် အလေးနက်ဆုံးလေးစားမှု ကျွန်တော့်မှာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် အသစ်တွေကို ကြိုးပမ်းကြည့်ချင်တယ်လို့လည်း ပြောရမှာပါ”
“ဒီနွေရာသီမှာ တစ်စုံတရာက ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက အစီအစဉ်တစ်ခုပါ။ ဘောလုံးမှာက ခင်ဗျား အဲဒီလိုမျိုး ဆုံးဖြတ်ချက်ချသင့်တဲ့အချိန်ကို ဘယ်တော့မှကြိုသိနိုင်မှာ မဟုတ်ပါဘူး။ အချိန်မရွေး အဲဒါက ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်အတွက် အကောင်းဆုံးအရာက လျင်လျင်မြန်မြန်ဖြစ်ဖို့ပါပဲ။ ဒါပေမယ့် ဘောလုံးမှာတော့ အရာရာတိုင်းက အချိန်ယူရပါတယ်”လို့ ပြီးခဲ့တဲ့ဇွန်လက ဒိန်းမတ်သတင်းဌာန Ekstra Bladet ကို ပြောကြားခဲ့ပါတယ်။