စစ်ကိုင်းတောင်ရိုးရှိ International Buddhist Education Center - IBEC ဗုဒ္ဓဘာသာပညာရေး စင်တာ ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တသောဘိတကို နိုင်ငံတကာဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်သွားမယ်လို့ IBEC သတင်း ထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၁၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
Photo. IBEC ဗုဒ္ဓဘာသာပညာရေးစင်တာ
သံတမန်အဖြစ် ခန့်အပ်ခြင်းကို စက်တင်ဘာ ၂၂ ရက်ကနေ ၂၇ ရက် အထိ အိန္ဒိယနိုင်ငံမှာ World Alliance Of Buddhists အဖွဲ့က ပြုလုပ်မယ့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ ဗုဒ္ဓဘာသာ ညီလာခံကြီးမှာ ပြုလုပ်မယ်လို့လည်း သိရပါတယ်။
အဲ့ဒီညီလာခံမှာ ဆရာတော်က လူငယ်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးဟူသော ခေါင်းစဉ်ဖြင့် ဂုဏ်ထူးဆောင်အမှာစကား မိန့်ကြားဖို့လည်းရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဆရာတော်ဟာ ပြီးခဲ့တဲ့ဇွန်လနဲ့ ဇူလိုင်လကလည်း စတော့ဟုမ်းမြို့မှာပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံမှာလည်း စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါသေးတယ်။ဒါ့အပြင်ဆရာတော်ဟာ ၂ဝ၁၅ ခုနှစ် အတွင်းက ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ငြိမ်းချမ်း ရေးအဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေးသံတမန် အဖြစ်လည်း ခန့်အပ်ခြင်း ခံခဲ့ရပါသေးတယ်။
ဆရာတော် ဘဒ္ဒန္တ သောဘိတ သည် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးတွင် IBEC ဗုဒ္ဓဘာသာပညာရေး စင်တာကို တည် ထောင်ခဲ့ပြီး အဆိုပါ ဗုဒ္ဓဘာသာပညာ ရေးစင်တာ၌ ပရိယတ္တိဘုန်းတော်ကြီး သင် ပညာရေးအထက်တန်းကျောင်း၊ လူငယ်များအတွက် အင်္ဂလိပ်စာနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်သည့် လုပ်ငန်းပေါင်းမြောက်မြားစွာကိုလည်း ဆောင်ရွက်ပေးနေပါတယ်။
ဒါ့အပြင် သီတဂူ ဗုဒ္ဓတက္ကသိုလ်ကို တည် ထောင်ပြီး Community in Buddhism သင်တန်းတွေ ဖွင့်လှစ်သင်ကြား ပို့ချနေကာ နိုင်ငံတကာသာသနာပြု လုပ်ငန်းတွေနဲ့ ပညာရေးအစီအစဉ်တွေကို နယ်သာလန်နိုင်ငံမှာဆောင်ရွက်နေပါတယ်။