မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေတဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကို ခေါ်ယူမယ့်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ဘူးလို့ အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဌဆီရီဇိုက ပြောဆိုခဲ့ကြောင်း နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။ အေတီကိုဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ဂရစ်မန်းကို ရောင်းချဖို့တောင် စီစဉ်နေတယ်လို့ သတင်းတွေထွက်လာခဲ့တာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုဟာ သူ့အနာဂတ်အတွက် မနေ့ကပဲ အသင်းနည်းပြတန်ဟက်ဂျ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ဆွေးနွေးမှုက အပေါင်းလက္ခဏာမပြခဲ့ဘဲ ရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ်က ထွက်ခွာချင်စိတ်က တားဆီးမရဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ရော်နယ်ဒိုကို ခေါ်ယူမယ့်အသင်းမရှိဖြစ်နေတုန်းပါပဲ။
ဒီအချိန်မှာပဲ ဆီရီဇိုက "ရော်နယ်ဒိုကို အက်သလက်တီကိုမက်ဒရစ်က ခေါ်မယ်ဆိုတဲ့ ဒီသတင်းတွေကို ဘယ်သူက စပြီးတော့ ဖန်တီးလိုက်လဲ ကျနော်မသိဘူး၊ အဲဒါတွေက လုံး၀မဟုတ်ပါဘူးဗျာ" လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ရော်နယ်ဒိုကို သူတို့ခေါ်ယူမှာမဟုတ်ဘူးလို့ အသိပေးလိုက်တာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးအတွက်တော့ အသင်းသစ်ရှာဖို့က ခက်သထက် ခက်လာဖို့ရှိနေပါတယ်။
ဥရောပထိပ်တန်းလိဂ် ၅ ခုက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့ အသင်းကြီးအများစုက ရော်နယ်ဒိုကို ခေါ်ယူဖို့ရာ ဆန္ဒကင်းမဲ့နေပါတယ်။ အသင်းဟောင်းရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့က စိတ်မဝင်စားဘဲ အခုဆို အေတီကိုကပါ ငြင်းဆန်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ကလည်း သူတို့ရဲ့ ဒဿနတွေနဲ့ မကိုက်ညီလို့ ငြင်းဆန်ထားပြီး ဒေ့ါမွန်ကတော့ အသံတောင်မထွက်ခဲ့ပါဘူး။
ပရီးမီးယားလိဂ်ပြိုင်ဘက်ချယ်လ်ဆီးက တိုက်စစ်မှူးလိုအပ်နေပေမယ့် ယူနိုက်တက်က ပြိုင်ဘက်အသင်းဆီရောင်းချမှာမဟုတ်သလို စီးရီးအေမှာလည်း အင်တာ၊ နာပိုလီ၊ အေစီမီလန်တို့က ရော်နယ်ဒိုကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခြင်းမရှိဖြစ်နေပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက်တော့ အသင်းကြီးတွေဆီ ပြောင်းရွှေ့နိုင်ဖို့ အခွင့်အရေးနည်းပါးသလောက်ဖြစ်နေတာကိုလည်း ဖော်ပြနေတာဖြစ်ပါတယ်။