စနေနေ့မှာ လီဗာပူးလ်နဲ့ အက်ဖ်အေဖလားဆီမီးပွဲကစားရမှာပါ။

အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ကိုင်လီဝေါ်ကာနဲ့ ကီဗင်ဒီဘရိုင်းတို့ ဒဏ်ရာရရှိခဲ့လို့ ဂွာဒီယိုလာတယောက် ချွေးပြန်နေရပြီဖြစ်ပါတယ်။ ဂိုးမရှိသရေကျခဲ့ကာ ဆီမီးဖိုင်နယ်ကို မန်စီးတီးတို့ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း အက်သလက်တီကိုမက်ဒရစ်ရဲ့ ခပ်ကြမ်းကြမ်းကစားဟန်၊ ပွဲပြီးခါနီးဖြစ်ပွားခဲ့တဲ့ ရန်ပွဲတွေမှာ မန်စီးတီးတို့အထိနာခဲ့ပါတယ်။ 

ပွဲအပြီးမှာ ဒီဘရိုင်းနဲ့ ဝေါ်ကာတို့ ဒဏ်ရာရရှိခဲ့တယ်လို့ မန်စီးတီးနည်းပြဂွာဒီယိုလာက အတည်ပြုခဲ့ပြီး စနေနေ့ကစားရမယ့် လီဗာပူးလ်နဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲအတွက် စိုးရိမ်နေရပြီလို့လည်း ဝန်ခံခဲ့ပါတယ်။ ဒီဘရိုင်းဟာ လူစားလဲလှယ်ခံခဲ့ရပြီး အရန်ခုံတန်းမှာ ခြေကျင်းဝတ်ကို ရေခဲအုံနေခဲ့ရကာ ဝေါ်ကာကလည်း ခြေကျင်းဝတ်လည်သွားတယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ 

"ကျနော်တို့ အကြီးအကျယ်အခက်တွေ့နေရပါပြီ၊ ပြီးခဲ့တဲ့ ၃ ရက်ကမှ ကျနော်တို့ ကစားခဲ့ရသေးပြီး အခုဆို ဒဏ်ရာပြသနာတွေအများကြီးရှိနေပါတယ်၊ နောက်ရက်သတ္တပတ်တွေမှာ ဘာတွေဖြစ်လာမလဲ ကျနော်မသိတော့ဘူး၊ ကျနော်တို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တတိယအကြိမ်မြောက် ရောက်ရှိခဲ့ပြီး ဒါက ကြီးမားတဲ့အောင်ပွဲတခုပါ၊ အဲဒီကို ရောက်ရှိနိုင်ခဲ့လို့လည်း ပျော်ရွှင်မိပါတယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ 

မန်စီးတီးဟာ ပြီးခဲ့တဲ့တပတ်က လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်အရေးကြီးပွဲစဉ်ကို ကစားခဲ့ရပြီး တဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ မနေ့က အေတီကိုနဲ့ ထပ်မံကစားခဲ့ရပြီး လာမယ့်တပတ်မှာ လီဗာပူးလ်နဲ့ပဲ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲကို ကစားရမှာဖြစ်ပါတယ်။ ဒီဘရိုင်းနဲ့ ဝေါ်ကာတို့ရဲ့ ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ ဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ 

Share

Loading Next Article...
က္က