ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီဘောလုံးလောကရဲ့ ဂန္တဝင်ဟောင်း လိုသာမားသီးယပ်စ်က အဲရစ်ဒိုင်ယာကို ခေါ်ယူခဲ့တဲ့ လုပ်ရပ်အပေါ် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဒိုင်ယာကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။
အဆိုပါ အငှားစာချုပ်ကို ထပ်မံသက်တမ်းတိုးခွင့်လည်း ပါရှိပါတယ်။ ဒိုင်ယာဟာ နောက်ပိုင်းမှာ စပါးအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမားပါ။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်တို့ နယူးကာဆယ်နောက်ခံလူ ထရစ်ပီယာကိုလည်း ခေါ်ယူဖို့ သတင်းထွက်နေပါတယ်။
ဒီအပေါ်မှာ မားသီးယပ်စ်ကတော့ “ဘိုင်ယန်အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ လူစာရင်းနဲ့ အင်အားဖြည့်တင်းမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခု ခေါ်လိုက်တဲ့ ဒီကစားသမားတွေက အင်အားဖြည့်တင်းတာတဲ့လား? ဒိုင်ယာက ဒီနောက်ပိုင်း စပါးမှာတောင် မရှိမဖြစ် ကစားသမားမျိုး မဟုတ်တော့ဘူးလေ။ အူလီဟိုးနက်စ်ပြောဖူးတာကို ကျွန်တော် သတိရပါတယ်”
“အသင်းအနေနဲ့ အခြားအသင်းတွေမှာ အရန်ခုံထိုင်နေရတဲ့ ကစားသမားတွေကို မခေါ်ဘူးဆိုပြီးတော့ပေါ့။ ဒါပေမယ့် အခု နောက်ဆုံးအပြောင်းအရွှေ့တွေက ကွဲပြားခြားနားနေပါတယ်။ ထရစ်ပီယာကိစ္စကလည်း အလားတူပါပဲ။ ဒါက ကျွန်တော် သိတဲ့ ဘိုင်ယန်မြူးနစ်မဟုတ်ပါဘူး။ သူတို့အနေနဲ့ အင်အားဖြည့်တင်းဖို့ ဒါမှမဟုတ် လူငယ်တွေကို ခေါ်ယူဖို့ပဲ အာရုံစိုက်သင့်ပါတယ်”
“ပါဗ်လိုဗစ်က ဝါဒါဘရီမင်နဲ့ပွဲမှာ အရန်ခုံထိုင်နေရပြီး လူစားတောင် ဝင်ကစားခွင့် မရရှိခဲ့ပါဘူး။ သူ ကစားခွင့်ရတဲ့အချိန်မှာ အမြဲတမ်း ပုံစံကောင်းပြနိုင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ဘွန်ဒက်စ်လီဂါမှာလည်း အမှတ်ပေးချန်ပီယံဆုကို ကာကွယ်ဖို့ ခက်ခဲနေပြီဖြစ်ပါတယ်။