ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟ အေယက်စီယိုကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပြင်သစ်လီဂူးအဝေးကွင်းပွဲစဥ်မှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီက အသင်းအတွက် လှပတဲ့သွင်းဂိုးတဂိုးကို ပြိုင်ဘက်ဂိုးသမားကိုပါ လိမ်ခေါက်သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ မက်ဆီက အမ်ဘာပေ သွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးလုံးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ နောက်ထပ်ပြောစရာရှိခဲ့တာက မက်ဆီနဲ့ အနီးကပ်တွေ့ဆုံခွင့်ရဖို့ လူငယ်ပရိသတ် သုံးယောက်က တပြိုင်တည်း ကွင်းထဲ ကျူးကျော် ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီသုံးယောက်ထဲမှာ နှစ်ယောက်ကတော့ မက်ဆီနဲ့ ပွေ့ဖက် နှုတ်ဆက်ခွင့်ပါရရှိခဲ့ပါတယ်။
အဆိုပါ လူငယ်သုံးယောက်ဟာ မက်ဆီနဲ့အတူတူ ဆဲလ်ဖီရိုက်ကူးဖို့ ကွင်းအတွင်း ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး နှစ်ယောက်က ဆဲလ်ဖီရိုက်ခဲ့ကာ ကျန်တယောက်ကတော့ မက်ဆီကို ပွေ့ဖက်နှုတ်ဆက်ပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ ဒီအခြေအနေ သုံးခုလုံးမှာ မက်ဆီက လူငယ်ပရိသတ်သုံးယောက်လုံးကို နွေးနွေးထွေးထွေးနဲ့ ပြုံးပြုံးရွှင်ရွှင် တုံ့ပြန်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
မက်ဆီလို ကစားသမားမျိုးအတွက် ဒါမျိုး ကြုံတွေ့ရတာက ကစားသမားဘဝမှာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကြိမ်တည်းလိုလိုမှာပဲ အခုလိုမျိုး ပရိသတ်သုံးယောက်က ပွဲချိန်အတွင်း တလှည့်စီ မက်ဆီထံ ပြေးဝင်လာခဲ့တာကတော့ နောက်ထပ် ပြောစရာတခုအဖြစ် ရှိနေခဲ့ပါတယ်။ ပရိသတ်တွေက “မက်ဆီအတွက် ကွင်းထဲ ကျူးကျော်ဝင်ရောက်လာတဲ့ပရိသတ်အရေအတွက်က ရော်နယ်ဒို ဘလွန်းဒီအော်ဆုအတွက် ရရှိခဲ့တဲ့ မဲအရေအတွက်ထက် ပိုများပါတယ်”
“မက်ဆီက ကမ္ဘာပေါ်မှာ ပရိသတ်အချစ်ခံရဆုံး ဘောလုံးသမားတယောက်ပါ။ ဒုတိယမြောက် ကောင်လေးက ကွင်းထဲ ဝင်လာပြီး ဓာတ်ပုံမရိုက်ဘဲ သူနဲ့ ပွေ့ဖက်သွားခဲ့တာကို မက်ဆီ အမှန်တကယ် အံ့အားသင့်သွားပုံရပါတယ်။ မက်ဆီက အရမ်းကိုနှိမ့်ချတတ်တဲ့သူတယောက်ပါ” “အဲ့ဒါကြောင့်လည်း မက်ဆီက ထာဝရအကောင်းဆုံး ကစားသမားဖြစ်နေတာပါ” လို့ အသီးသီး ချီးကျူးပြောကြားခဲ့ပါတယ်။