အမေရိကန်နိုင်ငံက ၎င်းရဲ့နိုင်ငံကို အရေးယူပိတ်ဆို့မှုတွေ ဆက်လက် ချမှတ်လုပ်ဆောင်နေပါက နျူကလီးယားလက်နက်ဖျက်သိမ်းရန် နည်းလမ်းမရှိကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို (Photo: AFP)
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာ ၂၉ ရက်နေ့က မိန့်ခွန်းပြောစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေက မြောက်ကိုရီးယားအနေနဲ့ အမေရိကန်အပေါ် မယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေခဲ့တယ်လို့ ရီယောင်ဟိုက ပြောပါတယ်။
မြောက်ကိုရီးယားအစိုးရက အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရန် ကုလသမဂ္ဂနဲ့ အမေရိကန်ကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ရုရှားနဲ့တရုတ်နိုင်ငံတို့ထံမှ ထောက်ခံမှုရရှိခဲ့ပါတယ်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းမှုလုပ်ဆောင်ချိန်အထိ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိသင့်ကြောင်း ပြောထားပါတယ်။
ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့် တွေ့ဆုံခဲ့ကြစဉ် (Photo: Kevin Lim/The Straits Times)
သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စင်ကာပူနိုင်ငံမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်မယ်လို့ ကင်မ်ဂျုံအန်က ကတိပြုခဲ့ပါတယ်။
သို့သော် အဆိုပါ ထိပ်သီးတွေ့ဆုံမှုနောက်ပိုင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အမေရိကန်နဲ့ဆွေးနွေးမှုတွေမှာ အဆင်မပြေမှုတွေ ရှိနေခဲ့ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုတစ်ခု (Photo: Yonhap)
အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ဖျက်သိမ်းမှု ဦးစွာလုပ်ဆောင်စေရေးမူဝါဒကို အခိုင်အမာ ပြောဆိုနေခဲ့ပြီး အရေးယူပိတ်ဆို့မှု အတိုင်းအတာ တိုးမြင့်လာခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ပြောပါတယ်။
"အမေရိကန်ကို မယုံကြည်ရဘဲနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးကို စိတ်ချယုံကြည်ရမှု မရှိနိုင်ပါဘူး၊ ဒီလိုအခြေအနေနဲ့တော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဘာသာ တစ်ဖက်သက် လက်နက်ဖျက်သိမ်းမှုကို အရင်ဦးဆုံး လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး" လို့ ၎င်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောပါတယ်။