အင်္ဂါနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။
- ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ဗာရာနီဟာ ဘာနေဗျူးကနေ ထွက်ခွာဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့တာဖြစ်ပြီး ကစားသမားက ဒီရာသီမှာ ရီးရဲလ်အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြိး စိတ်ပျက်နေကာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး သူ့ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်အတွက်တော့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
- အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး အီကာဒီဟာ ကလပ်အသင်းနဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်နေပြီး မကြာခင်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ ကစားသမားရဲ့ ဇနီးဖြစ်သူ နဲ့ အေးဂျင့် ဝမ်ဒါနာရာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အသင်းနဲ့ ဆက်ဆံရေးဆိုးရွားခဲ့ပြီး အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသလို ပွဲကစားခွင့်လည်း မရရှိခဲ့တဲ့နောက် အီကာဒီဟာ အသင်းနဲ့ ပြန်လည်စေ့စပ်ညှိနှိုင်းနေတာလည်း ဖြစ်ပါတယ်။
- ရိုးမားအသင်း တိုက်စစ်မှူး အယ်လ်ရှာရာဝီဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အသင့်ဖြစ်နေပြီလို့ Calcio Mercato က ဖော်ပြခဲ့ပါတယ်။ အီတလီလက်ရွေးစင်တိုက်စစ်မှူးဟာ ရောမကလပ်နဲ့ ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး ဝက်စ်ဟမ်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပြီး ကစားသမားကတော့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။
- ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယိုမာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၀)အထိ သွင်းယူပေးထားတဲ့ ဆီနီဂေါတိုက်စစ်မှူးကို ဇီဒန်းက အရင်ရီးရဲလ်နည်းပြဘဝကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းအတွက် ခေါ်ယူအားဖြည့်ဖို့ ပြန်လည်စိတ်ဝင်စားလာတာဖြစ်တယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။