ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမင်ဒါနာအိုဒေသ မီဆာမစ်အိုရီယန်တယ်လ်ပြည်နယ်မှာ အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်ပြီး ဦးနှောက်ထုတ်စားခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
(Photo: Unsplash/Robina Weermeijer)
ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်) က ဖမ်းဆီးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် လွိုက်ဘတ်ဂ်တောင်း အမည်ရှိ အမျိုးသားဟာ မည်သူဖြစ်ကြောင်း မသိရသေးတဲ့ အမျိုးသမီးတစ်ဦးကို အသတ်ခံရမှုအတွက် အဓိက သံသယရှိသူဖြစ်ကြောင်း တာလီဆာယန်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ မာရီဘတ်သ် ရာမိုဂါက ပြောကြားကြောင်း ဒေသခံသတင်းတွေက ကိုးကားဖော်ပြပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးရဲ့အလောင်းကို ပွန်တာမြို့ရှိ သံသယတရားခံရဲ့ နေအိမ်မှ ၂ မိုင်ခွဲခန့်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးအလောင်းဟာ ခေါင်းဖြတ်ခံထားရပြီး လက်နှစ်ဖက်ကို ကြိုးတုပ်ထားကာ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ဗလာဖြင့် တွေ့ခဲ့ရပါတယ်။
(သံသယတရားခံ ဘတ်ဂ်တောင်း) (Photo: Talisayan Police)
ဖိလစ်ပိုင်သတင်းဌာန Daily Tribune က ဖော်ပြခဲ့မှုအရ ဘတ်ဂ်တောင်းဟာ သင်္ချိုင်းတစ်ခုအနီးမှာ ထိုအမျိုးသမီးကို တွေ့ခဲ့ပြီးနောက် သံထည်ပစ္စည်းတစ်ခုဖြင့် ဦးခေါင်းကို ထုရိုက်သတ်ခဲ့ပါတယ်။ ထို့နောက် အမျိုးသမီးရဲ့ ဦးခေါင်းကို မြက်ရိတ်တံစဥ်ကဲ့သို့ လက်နက်ဖြင့် ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လက်နက်ကို ၎င်းရဲ့ခါးကြားမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း Philippine Daily Inquirer သတင်းက ဖော်ပြပါတယ်။ အမျိုးသမီးကို ခေါင်းဖြတ်ပြီးနောက် ဗိုက်ဆာနေတာကြောင့် ဦးနှောက်ကိုထုတ်ပြီး ထမင်းနဲ့စားခဲ့တယ်လို့ ဘတ်ဂ်တောင်းက ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ ထို့နောက် အမျိုးသမီးရဲ့ ဦးခေါင်းခွံကို ၎င်းရဲ့နေအိမ်အနီး တွင်းတစ်ခုထဲသို့ စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
(Map: Google Maps)
ဘတ်ဂ်တောင်းကို သိထားသူတွေရဲ့ ထွက်ဆိုချက်များအရ ၎င်းဟာ စိတ်ရောဂါခံစားနေရသူ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ ရာမိုဂါက ပြောပါတယ်။ "အမျိုးသမီးက အင်္ဂလိပ်လိုပြောလို့ သတ်ပစ်လိုက်တယ်လို့ သံသယရှိသူက ထွက်ဆိုခဲ့ပါတယ်၊ အင်္ဂလိပ်လိုပြောတာက သူ့ကို ဒေါသထွက်စေခဲ့ပုံရတယ်" လို့ ရာမိုဂါက ပြောကြားကြောင်း The Inquirer သတင်းက ဖော်ပြပါတယ်။
မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ အခင်းမဖြစ်မီ ဘတ်ဂ်တောင်းနဲ့ အသတ်ခံရတဲ့ အမျိုးသမီးတို့ကို အတူတကွ တွေ့ခဲ့ရကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ ဘတ်ဂ်တောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် တရားစွဲရန် ပြင်ဆင်နေပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးဟာ မည်သူဖြစ်ကြောင်း သိရှိနိုင်ရန် စစ်ဆေးနေကြောင်းလည်း သိရပါတယ်။