အမျိုးသမီးများနဲ့ ကလေးများကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

အင်္ဂလန်မှာ အမျိုးသမီးများနဲ့ ကလေးများကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ မုဒိမ်းသမားတစ်ဦးကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ၃၃ ကြိမ်ချမှတ်လိုက်ကြောင်း သိရပါတယ်။

(CCTV မှတ်တမ်းမှာတွေ့ရသည့် ဂျိုးဇက်) (Photo: Metropolitan Police/PA)

ဂျိုးဇက်မက်ကန်း အမည်ရှိ မုဒိမ်းသမားရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေဟာ လမ်းဘေးကနေ ဓားထောက်ပြန်ပေးဆွဲခံရပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခံခဲ့ရတဲ့ အမျိုးသမီးသုံးဦးအပါအဝင် အသက် ၁၁ နှစ်မှ ၇၁ နှစ်ကြားရှိ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ဂျိုးဇက်ကို ပြီးခဲ့တဲ့ သောကြာနေ့ (ဒီဇင်ဘာ ၆ ရက်) က ပြစ်မှု ၃၇ မှုအတွက် အပြစ်ရှိကြောင်း Old Bailey တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။



တရားရုံးအမိန့်အရ ဂျိုးဇက်ဟာ ထောင်ထဲမှာ အနည်းဆုံး နှစ်ပေါင်း ၃၀ အကျဥ်းကျခံရမယ်လို့ ဆိုပါတယ်။ ၎င်းဟာ ကလေးတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ကလေးတွေကို ကာမစိတ်တိမ်းညွှတ်မှုရှိသူဖြစ်ကြောင်း တရားသူကြီးက ပြောပါတယ်။ ဂျိုးဇက်ဟာ စိတ်ရောဂါကြောင့် ကြမ်းတမ်းရန်မူလိုသူဖြစ်ပြီး သက်ဆိုင်ရာစနစ်က ၎င်းရဲ့သားကောင်ဖြစ်ခဲ့ရသူတွေကို မည်သည့်အတွက် ကာကွယ်ရန်ပျက်ကွက်ခဲ့ကြောင်းကို လွတ်လပ်ပြီး စနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန်လည်း တရားရုံးက တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

(ဂျိုးဇက်ကိုဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့်ပုံ) (Photo: Metropolitan Police)

ဂျိုးဇက်ကို ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း အကျဥ်းထောင်မှ မှားယွင်းလွှတ်ပေးခဲ့ပြီးနောက် ၎င်းဟာ ကိုကင်းသုံးပြီး ဗော်ဒဂါအရက်သောက်ကာ ရမ်းကားခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၃၄ နှစ်အရွယ် ဂျိုးဇက်က လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ဧပြီလအတွင်း ဝက်ဖို့ဒ်မှာ စတင်ခဲ့ပြီးနောက် လန်ဒန်၊ ဂရိတ်မန်ချက်စတာနဲ့ ချက်စ်ရှိုင်းယားတို့ကို ရောကရှိလာခဲ့ပြီး နှစ်ပတ်အတွင်း ပြစ်မှုများကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

ဧပြီ ၂၁ ရက်မှာ ဂျိုးဇက်က ဝက်ဖို့ဒ်ရှိ နိုက်ကလပ်တစ်ခုကနေ လမ်းလျှောက်ပြန်လာတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဓားထောက်ခြိမ်းခြောက်ပြီး နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားကာ မုဒိမ်းကျင့်ခဲ့ပါတယ်။ ထို့နောက် လေးရက်အကြာမှာ လန်ဒန်အရှေ့ပိုင်း Walthamstow ရှိ နေအိမ်သို့ ညသန်းခေါင်အချိန် လမ်းလျှောက်ပြန်လာတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဆိုပါ အမျိုးသမီးဟာ နေရာအများအပြားမှာ နာရီပေါင်းအတန်ကြာ မုဒိမ်းကျင့်ခံခဲရတယ်လို့ ဆိုပါတယ်။

(ဂျိုးဇက်ကို စတိုင်းဆိုင်တစ်ဆိုင်ရဲ့ CCTV မှတ်တမ်းမှာတွေ့ရစဥ်) (Photo: Metropolitan Police)

ဒါ့အပြင် ဂျိုးဇက်က အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ ညီအစ်မတော်စပ်သူတို့ကို လန်ဒန်မြောက်ပိုင်း Edgware မှာ ပြန်ပေးဆွဲခဲ့ပါတယ်။ ပြန်ပေးဆွဲခံရသူ အမျိုးသမီးနှစ်ဦးဟာ ၎င်းတို့ကို ဂျိုးဇက်က ဝက်ဖို့ဒ်သို့ခေါ်ဆောင်သွားနေစဥ် ထွက်ပြေးလွတ်မြောက်လာခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးအနက်မှ တစ်ဦးက ဂျိုးဇက်ရဲ့ခေါင်းကို ဗော်ဒဂါပုလင်းနဲ့ရိုက်ပြီး ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မေလ ၅ ရက်နေ့မှာတော့ ဂျိုးဇက်က ဂရိတ်မန်ချက်စတာရှိ ဘားဆိုင်တစ်ဆိုင်မှာ ဆုံခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးရဲ့အိမ်ကို သွားရောက်ခဲ့ပါတယ်။ အိမ်ထဲရောက်ချိန်မှာတော့ ထိုအမျိုးသမီးကို အိပ်ရာတစ်ခုမှာ ချုပ်နှောင်ထားခဲ့ပြီး သူမရဲ့ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူနဲ့ အသက် ၁၇ နှစ်အရွယ် သမီးတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့ပါတယ်။ နောက်ဆုံးမှာ ၁၇ နှစ်အရွယ် မိန်းကလေးက ပြတင်းပေါက်နေ ကိုယ်လုံးတီးဖြင့် ခုန်ချထွက်ပြေးပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

(ဂျိုးဇက် ပြစ်မှုကျူးလွန်ခဲ့မှုများ) (Infographic: Daily Mail)

ဂျိုးဇက်ဟာ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ပြန်ပေးဆွဲ မုဒိမ်းကျင့်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကိုလည်း လိင်ပိုင်းစော်ကားတိုက်ခိုက်ခဲ့ပါတယ်။ မေလ ၅ ရက်နေ့မှာပင် ဂျိုးဇက်က အသက် ၁၄ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို ပြန်းပေးဆွဲခေါ်ဆောင်သွားခဲ့ပါတယ်။ ထို့နောက် ၎င်းရဲ့ကားကို ရဲတပ်ဖွဲ့ ကင်းလှည့်ယာဥ်က နောက်မှလိုက်ခဲ့စဥ် မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးမှာ ရဲတပ်ဖွဲ့ ရဟတ်ယာဥ်တစ်စီးက ဂျိူးဇက်ကို သစ်ပင်တစ်ပင်ပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး မေလ ၆ ရက် မနက်အစောပိုင်းမှာ ၎င်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

Source: BBC, Daily Mail, The Guardian


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က