ဖူလ်ဟမ်ကို ၂-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး အဂူရိုရဲ့ဒဏ်ရာအခြေအနေမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
မန်စီးတီးအသင်းရဲ့အားထားရတဲ့ အဓိကတိုက်စစ်မှူး အဂူရိုဟာ ဖူလ်ဟမ်ကို ၂-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာအတိမ်အနက်အခြေအနေကို လက်ရှိအချိန်အထိမသိရသေးပါဘူး။ မန်စီးတီးအသင်းကတော့ အဂူရိုရဲ့ဒဏ်ရာအခြေအနေကို ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်ပေးမယ်လို့ ကြေညာထားပါတယ်။ အဂူရိုဟာ ဒဏ်ရာကြောင့် ပွဲချိန်ပြည့်မကစားနိုင်ခဲ့ပဲ ဂျီးဆပ်စ်နဲ့လူစားလဲခဲ့ရပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ အဂူရိုရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ်နေပြီး မပြင်းထန်ဖို့ မျှော်လင့်ထားတယ်လို့ပြောပါတယ်။ “သူကလူစားလဲပြီးတော့ ကျွန်တော့်ကိုပြောတယ်။ ဒဏ်ရာရတာမျိုးတော့မဟုတ်ဘူး။ သူတစ်ခုခုခံစားနေရတယ်လို့ပြောပါတယ်။ ဒဏ်ရာမပြင်းထန်ဖို့တော့ မျှော်လင့်ထားတာပဲ။ ဆေးအဖွဲ့ကတော့ တနင်္လနေ့မှာ တိတိကျကျသိရမယ်လို့ ပြောထားပါတယ်။”လို့ ဂွာဒီယိုလာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ ဂွာဒီယိုလာက ပွဲကို နေ့လည် ၁၂:၃၀နာရီမှာကစားခဲ့ရတဲ့အတွက် ကစားသမားတွေပင်ပန်းခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။
မန်စီးတီးအသင်းဟာ ဖူလ်ဟမ်ကို ၂-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့အတွက် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက်ရေပန်းစားနေပါတယ်။ နည်းပြ ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ လိဂ်ဖလားချန်ပီယံဖြစ်ထားပြီး အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသုံးရပ်စလုံးလမ်းကြောင်းပေါ်မှာလည်း ရှိနေသေးတာကြောင့် ဖလားလေးလုံးအိပ်မက်ဆက်လက်ရှင်သန်နေပါတယ်။ တိုက်စစ်မှူး အဂူရိုကလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၉ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။