ဆွီဒင်တိုက်စစ်မှူးကြီးဟာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုရဲ့ ခေါ်ယူမှုကြောင့် ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်က ယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး (၂)ဦးဖြစ်တဲ့ ပေါလ်စခိုးနဲ့ ဂယ်ရီနဗီးလ်တို့အပေါ်မှာ ထိုးနှက်တိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဆွီဒင်တိုက်စစ်မှူးကြီးဟာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုရဲ့ ခေါ်ယူမှုကြောင့် ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေအဖြစ် ပြုလုပ်နေတဲ့ ဂယ်ရီနဗီးလ် နဲ့ ပေါလ်စခိုးတို့ဟာ အသင်းဟောင်းအပေါ်ကို ဝေဖန်မှုတွေ၊ သုံးသပ်မှုတွေ ပြုလုပ်နေခဲ့ကြတဲ့အပေါ်မှာ ဇလာတန်က ပြန်လည်တုံ့ပြန်ခဲ့ပြီး ဖာဂူဆန်လက်ထက်က ယူနိုက်တက်အသင်းအကြောင်းကို ပြန်လှန်ပြောဆိုနေမှုတွေက အသင်းအတွက် အကူအညီမဖြစ်ဘူးလို့ ဇလာတန်က ယုံကြည်နေပါတယ်။
"ဖာဂူဆန်ရဲ့လက်ထက်မှာ ဖြစ်ခဲ့တာတွေနဲ့ပဲ အားလုံးကို ဆုံးဖြတ်နေကြတာပါ၊ ဖာဂူဆန်သာ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ဒီလိုဖြစ်လာမှာမဟုတ်သလို ဖာဂူဆန်ကလည်း ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး၊ ဖာဂူဆန်က အသင်းရဲ့ သမိုင်းကြောင်းမှာ သူ့အတွက် နေရာတစ်နေရာ ရယူပြီးခဲ့ပါပြီ၊ လက်ရှိမှာ အသင်းက ရှေ့ဆက်သွားနေတာပါ၊ အသင်းက ကိုယ်ပိုင်လက္ခဏာကို ရှာဖွေရတော့မှာပါ၊ ဒါကလည်း ခက်ခဲနေပါတယ်"
"နဗီးလ် နဲ့ စခိုးလ်က အသင်းမှာ ရှိတော့တာမဟုတ်ပါဘူး၊ သူတို့က တီဗီပေါ်ကနေ အမြဲတမ်း စောဒကတက် ဝေဖန်နေတာပါ၊ ဘာလို့လဲဆိုတော့ အသင်းမှာ သူတို့က ပါဝင်ပတ်သက်နေတာ မဟုတ်လို့ပါပဲ၊ သူတို့အနေနဲ့ အသင်းမှာ အလုပ်လုပ်ချင်တယ်ဆိုရင် အသင်းဆီသွားပြီး အလုပ်ရှာရမှာပါ၊ အခုကတော့ တီဗီပေါ်ကနေပဲ ဝေဖန်နေတာပါ"
"ပေါ့ဂ်ဘာဆိုရင် ငယ်ငယ်လေးနဲ့ ယူနိုက်တက်ကို ရောက်လာတယ်၊ အဲဒီနောက် အသင်းကထွက်သွားပြီးတော့ သူ ပြန်ရောက်လာခဲ့ပါတယ်၊ သူတို့သာဆိုရင် ဒီလိုမျိုး လုပ်မှာမဟုတ်ပါဘူး၊ သူတို့ရဲ့ တစ်ဘဝလုံးက ဖာဂူဆန်လက်အောက်မှာပဲ နေခဲ့ရတာမို့လို့ပါ၊ ဒီအတွက် ဖာဂူဆန် ဆီကနေ သူတို့ဘယ်တော့မှ ထွက်ခွာမှာလည်း မဟုတ်ပါဘူး။ ဖာဂူဆန်က မင်းတို့ပါးစပ်တွေပိတ်ထားကြ၊ ဘာမှမပြောနဲ့ဆိုရင်လည်း သူတို့ ဘာမှပြောမှာမဟုတ်ပါဘူး၊ အခုသူတို့ပြောနေတာတွေက ဖာဂူဆန်ဆီက ခွင့်ပြုချက်ရလို့လား၊ မရလို့လားဆိုတာတော့ ကျွန်တော်မသိပါဘူး" လို့ ဇလာတန်က Mirror နဲ့ တွေ့ဆုံမှုမှာ ပြောကြားသွားခဲ့ပါတယ်။