နဗီးလ်ကတော့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အသင်းခေါင်းဆောင်တာဝန်ယူခဲ့ပြီး သူမကစားနိုင်တဲ့ပွဲတွေမှာ ရွိုင်ယန်ဂစ်က လက်ပတ်ကိုလွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းဂယ်ရီနဗီးလ်က ဖာဂူဆန်ဟာ သူ့လက်ထက်မှာ စီနီယာကစားသမားလေးဦးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပြီး အဆိုပါကစားသမားလေးဦးထဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုလည်း ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Sky Sports ကတဆင့် နဗီးလ်က ပြောဆိုခဲ့ရာမှာ ဒီလိုမျိုးအသင်းခေါင်းဆောင်ရာထူးကို မပေးအပ်ခဲ့တာက အသင်းရဲ့စည်းလုံးညီညွှတ်မှုပျက်ပြားမယ့်အရေးကို ကြောက်ရွံ့နေခဲ့လို့ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ နဗီးလ်ကတော့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အသင်းခေါင်းဆောင်တာဝန်ယူခဲ့ပြီး သူမကစားနိုင်တဲ့ပွဲတွေမှာ ရွိုင်ယန်ဂစ်က လက်ပတ်ကိုလွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။
"ကျွန်တော်ဒဏ်ရာရရှိခဲ့ပြီး တစ်နှစ်အကြာမှာပဲ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး ကျွန်တော့်အတွက် တကယ်ခက်ခဲခဲ့ပါတယ်၊ ကျွန်တော်တို့မှာ အံ့အားသင့်စရာအသင်းတစ်သင်းရှိခဲ့ပါတယ်၊ ရော်နယ်ဒို၊ ရွန်နီ၊ တီဗက်ဇ်၊ ဂစ်၊ စခိုးလ်၊ ကာရစ်၊ ဖာဒီနန်၊ ဗီဒစ်၊ ဗန်ဒါဆား၊ အီဗရာတို့ပေါ့၊ သူတို့အားလုံးမှာ ကိုယ်ရည်ကိုယ်သွေးတွေအားလုံးရှိကြပါတယ်"
"ကျွန်တော်အသင်းခေါင်းဆောင်ရာထူးကို ဆက်ထိန်းထားဖို့မလွယ်ဘူးလို့ ခံစားမိတယ်၊ ဒီအသင်းက ကျွန်တော်မယှဉ်ပြိုင်နိုင်တဲ့အဆင့်မျိုးထိ ဖြစ်နေပြီလို့ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော် ဖာဂူဆန်ကို ပြောခဲ့ပါတယ်၊ သူက ကျွန်တော့်ကို မင်းလက်ပတ်ကို ဆက်ယူထား၊ မင်းနဲ့ ဂစ်ကအလှည့်ကျတာဝန်ယူရမယ်လို့ ပြောခဲ့ပါတယ်"
"တကယ်လို့ ရော်နယ်ဒိုကို အသင်းခေါင်းဆောင်ပေးခဲ့ရင် ရွန်နီကထွက်သွားလိမ့်မယ်၊ ရွန်နီကိုပေးခဲ့ရင်လည်း ရော်နယ်ဒိုက ထွက်သွားလိမ့်မယ်၊ ဗီဒစ်ကို ငါပေးလိုက်ရင်လည်း ဖာဒီနန်က ပျော်ရွှင်မှာမဟုတ်ဘူးလို့ သူက အကြောင်းရင်းကို ပြောပြခဲ့ပါတယ်" လို့ ဂယ်ရီနဗီးလ်က ရှင်းပြခဲ့ပါတယ်။ နဗီးလ်အနားယူသွားခဲ့ပြီးနောက် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ဗီဒစ်က တာဝန်ယူခဲ့ကာ သူ့နောက်မှာ ရွန်နီ၊ ကာရစ်တို့က ထပ်မံတာဝန်ယူခဲ့ပါတယ်။