အင်္ဂလန်နောက်ခံလူဟောင်းဂျွန်တယ်ရီကတော့ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဗိုလ်စွဲခဲ့ပြီးနောက် ကွင်းအတွင်းဝင်ရောက်အောင်ပွဲခံခဲ့တဲ့ အဂူရိုကို စသလိုလိုနောက်သလိုလိုနဲ့ ခနဲ့လိုက်ပါတယ်။ အဂူရိုဟာ အာဂျင်တီးနားဖလားရချိန်မှာ ကွင်းအတွင်းဝင်ရောက်အောင်ပွဲခံခဲ့ပြီး ကမ္ဘာ့ဖလားကိုပါ အသင်းဖော်ဟောင်းတွေနဲ့အတူ ကိုင်မြှောက်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဂျာစီကို အဂူရိုက ဝတ်ဆင်ခဲ့ပြီး သူကစားခွင့်မရှိတော့ပေမယ့်လည်း အသင်းနဲ့အတူ အောင်ပွဲခံမှုမှာ အစအဆုံးပါဝင်ခဲ့တာပါ။ ဂျွန်တယ်ရီကိုယ်တိုင်လည်း ချယ်လ်ဆီးကစားသမားဘ၀တုန်းက ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝင်မကစားခဲ့ရပေမယ့် အသင်းအောင်ပွဲခံချိန်မှာ ဝင်ရောက်အောင်ပွဲခံခဲ့ဖူးပြီး အဂူရိုလို ဖြစ်ရပ်မျိုးကို ရင်ဆိုင်ခဲ့ဖူးပါတယ်။
အဂူရိုအောင်ပွဲခံနေတဲ့ပုံနဲ့အတူ ဂျွန်တယ်ရီက သူ့ရဲ့ တွစ်တာမှာ "မင်း အဲဒီလိုတွေလုပ်မယ်ဆိုရင်လည်း အနည်းဆုံးတော့ ခြေကာနဲ့ ဖိနပ်ဝတ်လေကွာ" ဆိုပြီး ရယ်မောနေတဲ့ အီမိဂျီတွေနဲ့အတူ ရေးသားပြောဆိုခဲ့တာပါ။ အဂူရိုဟာ ခြေကာနဲ့ ဘောလုံးကန်ဖိနပ်ကို ဝတ်ဆင်ထားတာမျိုးမရှိခဲ့တာဖြစ်ပြီး တယ်ရီရဲ့ ပြောဆိုမှုက နောက်သလိုလို၊ ခနဲ့သလိုလိုဖြစ်နေခဲ့ပါတယ်။
ပုံမှန်အားဖြင့် အောင်ပွဲခံချိန်မှာဆိုရင် အသင်းသားတွေသာ အောင်ပွဲခံကြတာဖြစ်ပြီး ပြီးတော့မှသာ အခြားသောမိသားစုဝင်၊ သူငယ်ချင်းတွေနဲ့ အောင်ပွဲခံတာဖြစ်ပါတယ်။ အဂူရိုက အသင်းသားတယောက်မဟုတ်ပေမယ့် အသင်းသားတယောက်ပုံစံလိုမျိုး အောင်ပွဲဝင်ခံတာကို မျက်စိနောက်လာလို့ ပြောခဲ့တာလားဆိုတာကတော့ တယ်ရီကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပါ။