အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက လက်ရွေးစင်အသင်းဖော် တိုက်စစ်မှူး အဂွေရိုအနားယူသွားတဲ့အပေါ် နာကျင်ရတယ်လို့ နှုတ်ဆက်စကားပြောကြားလိုက်ပါတယ်။ အဂွေရိုဟာ နှလုံးရောဂါကြောင့် ကစားသမားဘဝကို ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘဲ အနားယူပြီလို့ မကြာခင်ကပဲ တရားဝင်ကြေညာခဲ့တာပါ။
အဂွေရိုရဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲကို မန်စီးတီးနည်းပြ ဂွါဒီယိုလာလည်း လာရောက်ခဲ့ပြီး အဂွေရိုရဲ့ မန်စီးတီးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဒီဘရိုင်း၊ မာရက်ဇ်၊ ဒေးဗစ်ဆေးလ်ဗားတို့အပြင် လက်ရှိ ဘာစီလိုနာရဲ့ မဟာပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ကလည်း အဂွေရိုကို ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့ပါတယ်။
မက်ဆီကလည်း သူ့ရဲ့အင်စတာဂရမ်ကတဆင့် “လက်တွေ့ကျကျပြောရရင် ငါတို့ ကစားသမားဘဝတခုလုံးကို အတူတူဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ သိပ်လှပတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းဖူးပြီး ဒါတွေက ငါတို့ကို ပိုပြီး စည်းလုံးစေခဲ့တယ်၊ ရင်းနှီးစေခဲ့ပါတယ်။ အခု ကွင်းပြင်ပမှာလည်း ဒီတိုင်းပဲ ဆက်နေသွားကြမှာပါ”
“မကြာခင်ကမှ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားရခဲ့တာ၊ အင်္ဂလန်မှာ မင်း အောင်မြင်မှုတွေဆွတ်ခူးခဲ့တာတွေအတွက် ဝမ်းသာရပါတယ်။ အမှန်တိုင်းပြောရရင် မင်းဆက်ကစားချင်နေပါလျက်နဲ့ ဒီလိုမျိုး ရပ်တန့်လိုက်ရတာကို မြင်ရတာ အများကြီး နာကျင်ခံစားရပါတယ်”
“ဘာလို့လဲဆိုတော့ မင်းရဲ့ကျန်းမာရေး အခြေအနေကြောင့်လေ။ သေချာတာတခုက မင်းက ဆက်ပြီး ပျော်ရွှင်ရဦးမှာပါ။ ဘာလို့လဲဆိုတော့ မင်းနဲ့အတူရှိနေတဲ့သူတိုင်းကို မင်းက ပျော်ရွှင်မှုတွေ မျှဝေပေးနိုင်လို့လေ။ ငါမင်းကို အရမ်းချစ်ပါတယ် သူငယ်ချင်းရေ။ မင်းနဲ့အတူ ကွင်းထဲမှာ ဖြတ်သန်းခဲ့ရတာ၊ လက်ရွေးစင်အသင်းမှာ ဖြတ်သန်းခဲ့ရတာတွေကို ငါလွမ်းနေမှာပါ” လို့ ရေးသားနှုတ်ဆက်သွားခဲ့ပါတယ်။
အဂွေရိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းလာချိန်မှာ မက်ဆီနဲ့ တွဲကစားချင်တာကြောင့်လို့ဆိုခဲ့ဖူးပြီး မက်ဆီကတော့ PSG ကို ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။