အဂွေရိုနားပြီလို့ အားလုံးက ပြောနေကြပေမယ့် ဇာဗီကတော့ သူမသိဘူးလို့ ပြောလာတာပါ။

ဘာစီလိုနာတိုက်စစ်မှူး အဂွေရိုဟာ သူ့ရဲ့နှလုံးရောဂါ အခြေအနေက ထင်မှတ်ထားတာထက် ပိုမိုပြင်းထန်တာကြောင့် ကစားသမားဘဝက အနားယူရတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီအကြောင်းအရာကိုလည်း လာမယ့်ရှေ့တစ်ပတ်အတွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။



အောက်တိုဘာက (၃၀) က အလာဗက်စ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အဂွေရိုတစ်ယောက် ဒီဝေဒနာကိုခံစားခဲ့ရတာဖြစ်ပြီး (၃) လသာ နားရမယ်ဆိုခဲ့ပေမယ့် နောက်ဆက်တွဲ ဆေးစစ်ချက်တွေအရ အဂွေရိုရဲ့ ကစားသမားဘဝ အဆုံးသတ်ဖို့က တော်တော်လေးနီးစပ်နေပါပြီ။ ဒီအတွက် အဂွေရိုဆီက ဖြေရှင်းချက်တစ်စုံတစ်ရာ မကြားရသေးပါဘူး။

ဒါပေမယ့်လည်း မန်စီးတီးမှာ အသင်းဖော်ဖြစ်ခဲ့တဲ့ နာဆရီက ဒီကိစ္စနဲ့ပတ်သက်လို့ “အဂွေရိုက ကျနော့်ဆီကို မက်ဆေ့ချ်ပို့ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ သူအနားယူမယ်ဆိုတာ သေချာသွားပါပြီ။ ကျနော် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ သူ့လို ကစားသမားမျိုးနဲ့ တွဲကစားရတာကို ခင်ဗျားတို့လည်း သိမှာပဲ။ သူက အရမ်းအရမ်းကိုကောင်းတဲ့ လူတစ်ယောက်ပါ”

“ဒါက သူကိုယ်တိုင်ရဲ့ ရွေးချယ်မှုမဟုတ်ခဲ့ဘဲ ရောဂါရဲ့ ဖိအားကြောင့်ဖြစ်ပါတယ်။ ဘောလုံးကစားရတာကို သူဘယ်လောက်ချစ်လဲဆိုတာ ကျနော်သိတာပေါ့။ အဲ့ဒါကြောင့်လည်း တကယ်စိတ်မကောင်းဖြစ်ရတာပါ” လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဘာစီလိုနာနည်းပြ ဇာဗီကိုယ်တိုင်က ဒီကိစ္စကို မသိရှိရသေးဘဲ ငြင်းဆန်လာတာဖြစ်ပါတယ်။

ဇာဗီက “ကျနော် ဘာမှမသိသေးဘူးဗျာ။ အရင်ရက်တွေက ကျနော် အဂွေရိုနဲ့ စကားပြောဖြစ်ခဲ့ပြီး အခု ထွက်ပေါ်နေတဲ့သတင်းတွေကတော့ မမှန်ပါဘူး။ ကျနော်တို့အသင်းမှာ ဒီအတွက် ဘာသတင်းအချက်အလက်မှမရှိသလို ဘယ်ကထွက်လာမှန်းလဲမသိပါဘူး။ အဂွေရိုက အေးအေးဆေးဆေးရှိနေပါတယ်”

“ဒါက ဆေးပညာရပ်ဆိုင်ရာကိစ္စဖြစ်ပြီး ကျနော်တို့ အချိန်စောင့်ဆိုင်းပြီး အဖြေရှာဖွေရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဇာဗီဟာ မနေ့ညက သူ့ရဲ့ ဘာစီလိုနာနည်းပြဘဝ ပွဲဦးထွက်အဖြစ် အက်စ်ပန်ညိုနဲ့ ပွဲကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး ဘာစီလိုနာက ဒီပိုင်းရဲ့ တစ်လုံးတည်းသောပင်နယ်တီဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က