မန်စီးတီးဟာ သူတို့ရဲ့ အီတိဟတ်ကွင်းအပြင်ဘက်မှာ အဂွေရိုရဲ့ရုပ်တုကို ထုလုပ်ထားရှိပြီး အသင်းရဲ့ဂန္တဝင်လို့ပြောရမယ့် အဂွေရိုကို ဂုဏ်ပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ် (၂၀၁၃) ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ အဂွေရိုက ကျူပီအာဘက်ကို အချိန်ပိုနောက်ဆုံးမိနစ် သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။
အဲ့ဒီဂိုးကြောင့်ပဲ မန်စီးတီးတို့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို နောက်ကောက်ချကာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး ကွင်းအပြင်ဘက်မှာ အသင်းရဲ့ အခြားသောဂန္တဝင်တွေဖြစ်တဲ့ ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားတို့နည်းတူ အဂွေရိုကို ရုပ်တု ထုလုပ်ကာ ထားရှိ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
ဒီရုပ်တုဖွင့်ပွဲကို ဒီကနေ့ မေ (၁၃) မှာ ဖွင့်လှစ်ပေးခဲ့ပြီး ပရိသတ်တွေကတော့ ဒီရုပ်တုဟာ အဂွေရိုနဲ့မတူဘဲ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီကရူးစ်၊ စပိန်ဂန္တဝင်တိုက်စစ်မှူးကြီး ဒေးဗစ်ဗီလာတို့နဲ့ သွားတူနေတယ်လို့ လှောင်ပြောင်နေကြပါတယ်။ ပရိသတ်တယောက် “တော်တော်မိုက်တဲ့ ရုပ်တုပဲဗျ။ အဂွေရိုနဲ့မတူတာကလွဲလို့ပေါ့” လို့ နောက်ပြောင်ခဲ့ပါတယ်။
အခြားသော ပရိသတ်တယောက်က “ငါကတော့ ဒေးဗစ်ဗီလာကိုပဲ မြင်တယ်” “အဲ့ဒါဒေးဗစ်ဗီလာ ဟုတ်လို့လား? ဒေးဗစ်ဗီလာရုပ်တုကြီးက ဘာလို့ မန်စီးတီးအိမ်ကွင်း အီတိဟတ်ကွင်းရှေ့ရောက်နေတာလဲ? စစချင်းကြည့်လိုက်ရင်တော့ ဒီရုပ်တုကြီးက ဒေးဗစ်ဗီလာရုပ်တုကြီးပါ” လို့ လှောင်ပြောင်နေခဲ့ကြတာဖြစ်ပါတယ်။ လှောင်ပြောင်မှုတွေက ဒီလောက်နဲ့မရပ်တန့်သွားပါဘူး။
ယူနိုက်တက်ပရိသတ်တယောက်က “ဒါက တိုနီကရူးစ်နဲ့ တူတာပါ” လို့ ထပ်မံမှတ်ချက်ပြုခဲ့ကြပါတယ်။ အခြားသော ပရိသတ်တွေကလည်း “ဒါက တိုနီကရူးစ်ရုပ်တုပါ။ အဂွေရိုရုပ်တုမဟုတ်ပါဘူး” “ဒေးဗစ်ဗီလာနဲ့ တိုနီကရူးစ်တို့နှစ်ယောက်ပေါင်းပြီး ကလေးမွေးလိုက်ရင်တော့ ဒီရုပ်ထွက်လာမှာပဲ" လို့ အသီးသီး နောက်ပြောင်နေခဲ့ကြပါတယ်။ ဒီရုပ်တုကို အဂွေရိုကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အဂွေရိုအတွက်တော့ ဒီမှတ်ချက်တွေက စိတ်ကသိကအောက်ဖြစ်ရမှာ သေချာပါတယ်။