In partnership with  logo
ပစ္စည်းအဟောင်းတွေကိုကောင်းအောင်ပြင်ပေးတာနှစ်ပေါင်း၃၀နီးပါးရှိပါပြီ။

“ထီးပြင်ဖိနပ်ချုပ်တဲ့အလုပ်ကအနေစုတ်ပေမယ့်ရွှေထုပ်တဲ့မြပု၀ါပါ”လို့ဆိုလာသူကတော့နှစ်ပေါင်း၃၀နီးပါးပစ္စည်းအဟောင်းတွေကိုကောင်းအောင်ပြင်ပေးတဲ့အလုပ်နဲ့အသက်မွေး၀မ်းကျောင်းပြုတဲ့စောအယ်သာနေထူးပါ။သူကအင်းစိန်မြို့နယ်တောင်သူကုန်းရပ်ကွက် ယိုးဒယားစျေးမှာထီးဖိနပ်ကစလို့ပစ္စည်းအစုံကိုပြင်ပေးတဲ့ဆိုင်လေးဖွင့်ထားတာပါ။သူ့ဆိုင်လေးကယိုးဒယားစျေးမှာဆိုရင်မသိသူမရှိတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။



ဘန်ကောက်မားကတ်

ဘန်ကောက်မားကတ်ဆိုတဲ့နာမည်လေးကတော့စောအယ်သာနေထူးရဲ့ဆိုင်နာမည်လေးပါ။ဒီဆိုင်လေးကယိုးဒယားစျေးမှာဖွင့်ခဲ့တာနှစ်ပေါင်း(၃၀)လောက်ရှိပါပြီ။။ထီးပြင်၊ဖိနပ်ချုပ်ဂက်(စ်)မီးခြစ်ထည့်တဲ့ဆိုင်သေးသေးလေးကနေစခဲ့တဲ့ဆိုင်ကအခုတော့ပစ္စည်းအမျိုးအစားအစုံအလင်ကိုပြင်ပေးနိုင်တဲ့ဆိုင်ကြီးဖြစ်နေပါပြီ။ လိုအပ်ချက်အရလုပ်ရင်းနဲ့ဒီအလုပ်ပေါ် မှာ ၀ါသနာပါလာပြီးထပ်လေ့လာရင်းပစ္စည်းအစုံပြင်ပေးနိုင်တဲ့ဆိုင်ဖြစ်လာတာပါလို့ဆိုင်ရှင်ကပြောပြပါတယ်။

“ဒီအလုပ်က ကျွန်တော့် မိဘတွေစလုပ်ခဲ့တဲ့ မိဘလုပ်ငုပ်လက်ရင်းပါ။အဲ့အချိန်ကတော့ ခုံသေးသေးလေးနဲ့ဂက်(စ်)မီးခြစ်ထည့်ထီးပြင်၊ဖိနပ်ချုပ်တဲ့လမ်းဘေးဆိုင်သေးသေးလေးပါ။အဲ့အချိန်ထဲကအဖေကဘန်ကောက်မားကတ်ဆိုပြီးဆိုင်နာမည်လေးပေးခဲ့တာ။နောက်ပိုင်းကိုယ်ကသားအကြီးဆုံးဆိုတော့မိသားစုလိုအပ်ချက်အရဒီအလုပ်ကိုလုပ်ဖြစ်ခဲ့တာပါ။လုပ်ရင်းနဲ့ပဲပိုလေ့လာချင်စိတ်တွေဖြစ်လာပြီးတခြားအိတ်၊သော့ပြင်တာတွေပါထပ်သင်ယူလေ့လာရင်းပစ္စည်းအစုံပြင်ပေးနိုင်တဲ့ဆိုင်ဖြစ်လာတာပါလို့ စောအယ်သာနေထူးကပြောပါတယ်။

သိမ်ငယ်တယ်လို့ခံစားခဲ့ရပေမယ့်

စောအယ်သာနေထူးက အသက်(၁၈)နှစ်အရွယ်ထဲက ဒီအလုပ်ကိုလုပ်ခဲ့တာပါ။အဲ့ချိန်က ဒီအလုပ်လုပ်ဖို့ သိမ်ငယ်တယ်လို့ခံစားမိခဲ့ပေမယ့် မိသားစုစီပွားရေးလိုအပ်ချက်အရ လုပ်ခဲ့တဲ့ဒီအလုပ်ကပဲ သူ့ဘ၀ကိုအများကြီးအထောက်အပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထီးဖိနပ်ပြင်တဲ့အလုပ်က အနေစုတ်ပေမယ့်ရွှေထုပ်တဲ့မြပု၀ါပါလို့လည်း သူရဲ့ အလုပ်ကို တင်စားပြောဆိုပါတယ်။

“ကျောင်းသားဘ၀တုန်းကတော့ ကျောင်းပြန်ချိန်ဆို မိဘတွေဆိုင်ရှေ့ကဖြတ်ပြန်ရမှာကို ရှက်ခဲ့ဖူးတယ်။ငယ်သေးတဲ့အရွယ်ဆိုတော့ ဒီအလုပ်ရဲ့တန်ဖိုးကို ကိုယ်တိုင်နားမလည်ခဲ့ဘူး။ ဒါပေမယ့် ဒီအလုပ်က ကြည့်လိုက်ရင်သေးငယ်တဲ့အလုပ်လို့ထင်ရပေမယ့် လူမှုဘ၀တွေ အတွက်ရော သဘာ၀ပတ်၀န်းကျင်အတွက်ရော တစ်ထောင့်တစ်နေရာကနေ အထောက်အကူပေးနေတဲ့အလုပ်လို့ တင်စားချင်ပါတယ်လို့”စောအယ်သာနေထူးက ပြောပါတယ်။

ဒီအလုပ်နဲ့ပဲလယ်တွေကားတွေ၀ယ်နိုင်ခဲ့တယ်

"ကြိုးကြိုးစားစားနဲ့တစ်စိုက်မတ်မတ်လုပ်ခဲ့တဲ့ဒီအလုပ်နဲ့ပဲမိဘနဲ့မိသားစုကိုကြည့်ရှုနိုင်ခဲ့တယ်" လို့စောအယ်သာနေထူးကပြောပါတယ်။အလုပ်ကတိုးပွားလာတဲ့ပိုက်ဆံ‌လေးတွေနဲ့တစ်ဖက်မှာလယ်၊ကားစတဲ့ရင်းနှီးမြှပ်နှံ့ဖို့၀ယ်ဖြစ်သလိုတစ်ဖက်မှာလည်းဘာသာရေးအတွက်ယုံကြည်သူအသင်းတော်မှာပြန်သုံးဖြစ်တယ်လို့ သူကဆိုပါတယ်

လက်မလည်အောင်ပြင်ရတဲ့ဆိုင်လေး

လက်ရာသေသပ်ပြီး ပစ္စည်းမှန်စျေးမှန်လို့ နွေမိုးဆောင်း(၃)ရာသီလုံး အလုပ်မပြတ်ဘဲ လက်မလည်အောင်ပြင်ရတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။ဒီဆိုင်လေးရဲ့ ဖောက်သည်တွေက တောင်သူကုန်းရပ်ကွက်ကတင်မကဘဲ လှည်းကူး၊တာမွေအပြင်‌‌ တဲ့နေရာတွေကပါ တကူးတကလာပြင်ကြတဲ့ ဖောက်သည်တွေရှိပါတယ်။ဆိုင်မှာလာပြင်တဲ့သူတိုင်း စိတ်ချမ်းသာပြီး ပြန်သွားတာမြင်ရင် ပျော်တယ်လို့လည်း စောအယ်သာနေထူးက ပြောပါတယ်။

ဆိုင်လိပ်စာလေးက

ဘန်ကောက်မားကတ်မှာတော့ ထီး၊ဖိနပ်၊အိတ်၊သော့နဲ့အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပြင်ပေးပါတယ်။တနင်္ဂနွေတိုင်းဆိုင်ပိတ်ပါတယ်။ဆိုင်ဖွင့်ချိန်က မနက်၇နာရီက နေညနေ၅နာရီအထိပါ။ဆိုင်လိပ်စာကတော့ အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် ယိုးဒယားစျေးမှာဖြစ်ပါတယ်။


Share

Loading Next Article...
က္က