တောင်ကိုရီးယားအခြေစိုက် T1 အသင်းဟာ ONE Esports Dota 2 Invitational Jakarta ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲမှာကျရှုံးပြီးတဲ့နောက်မှာတော့ အဓိက ကစားသမားအချို့အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။
ဂျာမဏီနိုင်ငံသား Carry ကစားသမား Black^ နဲ့ ကနေဒါနိုင်ငံသား Xuan တို့ကို အဆိုပါလက်ရည်စစ်ပွဲအပြီးမှာ အသင်းကနေထုတ်ပယ်ခဲ့ပြီး ယခုအခါမှာတော့ အရှေ့တောင်အာရှကစားသမား ၂ ဦးနဲ့အစားထိုးလိုက်ပြီပဲဖြစ်ပါတယ်။ T1 Dota 2 အသင်းကိုရောက်ရှိလာတဲ့ ကစားသမားအသစ် ၂ ယောက်ကတော့ ပရိသတ်နဲ့မစိမ်းတဲ့ Meracle နဲ့ Poloson တို့ပဲဖြစ်ပါတယ်။
Black^ နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ Mercale ဟာ အသက် ၂၄ သာရှိသေးတဲ့ စင်ကာပူနိုင်ငံသားဖြစ်ပြီး SEA မှာတင်မကဘဲ North America လို Region တွေအထိ ခြေဆန့်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက First Departure အသင်းနဲ့အတူ Dota 2 ပရော်ဖက်ရှင်နယ်လောကထဲဝင်ရောက်လာခဲ့ပြီး Mineski, Fnatic, WG.Unity တို့လို SEA ရဲ့ထိပ်တန်းအသင်းတွေမှာကစားခဲ့ဖူးသလို တရုတ်အသင်း IG.Vitality နဲ့ မြောက်အမေရိကအသင်း Complexity Gaming အသင်းတွေမှာလည်း ကစားခဲ့ပါသေးတယ်။
Position 5 Support နေရာကိုဆက်ခံသွားမယ့် Poloson ဟာလည်း Meracle လိုပဲ စင်ကာပူနိုင်ငံသားဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ First Departure အသင်းနဲ့ပဲ Dota 2 ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ Poloson ဟာ Meracle လို အခြား Region တွေကိုသွားရောက်ဆော့ကစားခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်အထိ SEA တစ်ခုတည်းမှာသာ ကစားနေသူလည်းဖြစ်ပါတယ်။
Meracle နဲ့ Poloson တို့ ၂ ဦးစလုံးနောက်ဆုံးကစားခဲ့တဲ့ Alpha Red အသင်းဟာ ၂၀၁၉ ဒီဇင်ဘာကတည်းက ဖျက်သိမ်းသွားခဲ့တာကြောင့် ၃ လခန့် အသင်းလက်မဲ့ဖြစ်နေခဲ့ရာက ယခုအချိန်မှာတော့ T1 အသင်းကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
T1 Dota 2 အသင်းဟာ ၂၀၁၉ နိုဝင်ဘာလလောက်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့အသင်းဖြစ်ပေမယ့် လက်ရှိအချိန်အထိ DPC ပြိုင်ပွဲတစ်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးတဲ့အသင်းလည်းဖြစ်ပါတယ်။ ၂၀၂၀ အရောက်မှာ Black^, inYourdreaM တို့နဲ့အသင်းကိုပြန်လည်ဖွဲ့စည်းခဲ့ပေမယ်လည်း Tier 3 အဆင့်ပြိုင်ပွဲတွေနဲ့ လက်ရည်စစ်ပွဲတွေမှာတောင် ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နောက်ဆုံးမှာ လူစာရင်းထပ်မံပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
T1 Dota 2 အသင်းရဲ့လက်ရှိလူစာရင်းကတော့ -
1. Meracle
2. inYourdreaM
3. Forev
4. Jhocam
5. Poloson တို့ပဲဖြစ်ပါတယ်။
ဒီကစားသမားတွေပါဝင်တဲ့ T1 အသင်းဟာ လောလောဆယ်မှာတော့ Thailand Celestial Cup Season 2 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့တောင် ရုန်းကန်နေရဆဲအခြေအနေကိုရောက်ရှိနေပါတယ်။
Written by Myo Thant Kyaw