အရှေ့တောင်အာရှဒေသမှ ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ အရှေ့တီမောမှာ COVID-19 လူနာ မရှိတော့ကြောင်း ကမ္ဘာ့နိုင်တွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ Worldometers ဝက်ဘ်ဆိုက်ရဲ့ ယနေ့ (မေ ၁၅ ရက်) စာရင်းတွေအရ သိရှိရပါတယ်။
(Image screenshot: Worldometers)
Worldometers မှာ ဖော်ပြထားမှုအရ အရှေ့တီမောနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၄ ဦး စစ်ဆေးတွေ့ရှိထားခဲ့ပြီး ယခုအခါ ၂၄ ဦးလုံး ပြန်လည်သက်သာသွားတဲ့ စာရင်းမှာတွေ့ရပါတယ်။ ထိုကိန်းဂဏန်းတွေအရ အရှေ့တီမောဟာ အရှေ့တောင်အာရှမှာ ပထမဆုံး COVID-19 လူနာကင်းစင်သွားတဲ့ နိုင်ငံဖြစ်လာပါတယ်။
အရှေ့တီမောမှာ ပထမဆုံး COVID-19 အတည်ပြုလူနာကို မတ်လ ၂၁ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီးနောက် ဧပြီ ၁၀ ရက်နောက်ပိုင်းမှာ ကူးစက်ခံရသူဦးရေ ဆက်တိုက် တိုးလာခဲ့ပါတယ်။ ထို့နောက် ဧပြီ ၂၄ ရက်နေ့မှာ စုစုပေါင်း COVID-19 ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၂၄ ဦးဖြစ်လာခဲ့ကာ ထိုနေ့မှစပြီး ယနေ့အထိ နောက်ထပ် လူနာအသစ် တိုးမလာခဲ့တော့ကြောင်း Worldometers ကိန်းဂဏန်းဖော်ပြမှုတွေအရ သိရှိရပါတယ်။
(Photo: Correio da Manhã Canadá)
သို့သော် လူဦးရေ ၁.၃ သန်းကျော်ရှိတဲ့ အရှေ့တီမောမှာ လက်ရှိအချိန်အထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှု ၇၃၈ ခုသာ လုပ်ဆောင်ထားနိုင်ခဲ့ရာ အချိုးအစားအရ အလွန်နည်းနေတာ တွေ့ရပါတယ်။ အရှေ့တီမောဟာ အရှေ့တောင်အာရှ ၁၁ နိုင်ငံအနက် COVID-19 စစ်ဆေးမှုကို အနည်းဆုံးအရေအတွက်သာ လုပ်ဆောင်ထားနိုင်တာလည်း ဖြစ်ပါတယ်။
ပေါ်တူဂီနဲ့ အင်ဒိုနီးရှား နိုင်ငံတို့လက်အောက်မှ ခွဲထွက်ပြီး လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတဲ့ အရှေ့တီမောဟာ အရှေ့တောင်အာရှ ပင်လယ်ရေပြင်ရဲ့ တောင်ဘက်အဆုံးပိုင်းနဲ့ တီမောပင်လယ်မြောက်ပိုင်း တီမောကျွန်းပေါ်မှာ တည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ထိုအတောအတွင်း Worldometers မှာ ဖော်ပြထားမှုအရ အရှေ့တောင်အာရှမှ ကမ္ဘောဒီးယားနိုင်ငံမှာလည်း COVID-19 လူနာ ၁ ဦးသာ ကုသမှုခံယူနေရတော့ကြောင်း တွေ့ရပါတယ်။
(Photo: Antoninho Bernadino/Ekipa Movimentu Tasi Moos)
ကမ္ဘောဒီးယားမှာ COVID-19 အတည်ပြုလူနာ ၁၂၂ ဦးရှိခဲ့ရာ ယခုအခါ ပြန်လည်သက်သာသွားသူ ၁၂၁ ဦးရှိလာကြောင်း Worldometers ကိန်ဂဏန်းဖော်ပြမှုအရ သိရှိရပါတယ်။ လူဦးရေ ၁၆ သန်းကျော်ရှိတဲ့ ကမ္ဘောဒီးယားမှာ ဗိုင်းရပ်စ်စစ်ဆေးမှု ၁၄,၆၀၀ ကျော် ပြုလုပ်ထားပါတယ်။ ထို့အတူ လာအိုနိုင်ငံမှာလည်း COVID-19 အတည်ပြုလူနာ ၁၉ ဦးအနက် ၁၄ ဦးက ပြန်လည်သက်သာသွားပြီလို့ ဆိုပါတယ်။ လူဦးရေ ၇ သန်းကျော်ရှိတဲ့ လာအိုမှာတော့ ဗိုင်းရပ်စ်စစ်ဆေးမှု ၄,၂၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း Worldometers မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာလည်း လတ်တလော ရက်ပိုင်းအတွင်း COVID-19 အတည်ပြုလူနာ ထပ်တိုးမလာခဲ့ဘဲ မေ ၁၅ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၁၈၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာသူ ၈၉ ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။ ပြန်လည်သက်သာလာတဲ့ COVID-19 လူနာတွေအနက် ၇၄ ဦးကို ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အရှေ့တောင်အာရှဒေသတွင်းမှာ ယနေ့ ညပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၆၆,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၂၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။
အရှေ့တောင်အာရှနဲ့ အာဆီယံဒေသတွင်း COVID-19 အခြေအနေ
(မေ ၁၅ ရက် ည ၈ နာရီ update ဖြစ်ပါတယ်)
- စင်ကာပူ - (ကူးစက် - ၂၆,၈၉၁၊ သေဆုံး - ၂၁၊ ပြန်လည်သက်သာ - ၅,၉၇၃)
- အင်ဒိုနီးရှား - (ကူးစက် - ၁၆,၄၉၆၊ သေဆုံး - ၁,၀၇၆၊ ပြန်လည်သက်သာ - ၃,၈၀၃)
- ဖိလစ်ပိုင် - (ကူးစက် - ၁၂,၀၉၁၊ သေဆုံး - ၈၀၆၊ ပြန်လည်သက်သာ - ၂,၄၆၀)
- မလေးရှား - (ကူးစက် - ၆,၈၅၅၊ သေဆုံး - ၁၁၂၊ ပြန်လည်သက်သာ - ၅,၄၃၉)
- ထိုင်း - (ကူးစက် - ၃,၀၂၅ ၊ သေဆုံး - ၅၆၊ ပြန်လည်သက်သာ - ၂,၈၅၄)
- ဗီယက်နမ် - (ကူးစက် - ၃၁၂၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၆၀)
- မြန်မာ - ကူးစက် - ၁၈၁၊ သေဆုံး - ၆၊ ပြန်လည်သက်သာ - ၈၉)
- ဘရူနိုင်း - (ကူးစက် - ၁၄၁၊ သေဆုံး - ၁၊ ပြန်လည်သက်သာ - ၁၃၄)
- ကမ္ဘောဒီးယား - (ကူးစက် - ၁၂၂၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁၂၁)
- လာအို - (ကူးစက် - ၁၉၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၁၄)
- အရှေ့တီမော - (ကူးစက် - ၂၄၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၄)
စုစုပေါင်း အရေအတွက် - (ကူးစက် - ၆၆,၁၅၇၊ သေဆုံး - ၂,၀၇၈၊ ပြန်လည်သက်သာ - ၂၁,၁၆၆)